"စည်ပင်သာယာကို ၁၀ နှစ်နဲ့လည်း တော်တော်ခက်ခက်ခဲခဲ ပြောင်းရမယ်။ ဘာဖြစ်လို့လဲ စည်ပင်သာယာမှာ ရှိတဲ့ သောင်းဂဏန်းသော ဝန်ထမ်းတွေအားလုံးက ခေါက်ရိုးကျိုး နေပြီ"

"စည်ပင်သာယာကို ၁၀ နှစ်နဲ့လည်း တော်တော်ခက်ခက်ခဲခဲ ပြောင်းရမယ်။ ဘာဖြစ်လို့လဲ စည်ပင်သာယာမှာ ရှိတဲ့ သောင်းဂဏန်းသော ဝန်ထမ်းတွေအားလုံးက ခေါက်ရိုးကျိုး နေပြီ"

ရွေးကောက် တင်မြှောက်ခံရသည့် အရှေ့ပိုင်းခရိုင် ကော်မတီဝင် ဦးဌေးအောင်နှင့် တွေ့ဆုံခြင်း

ရန်ကုန်၊ ဇွန် ၃ ။    ။ ရန်ကုန် ပြည်သူများရွေးကောက်တင်မြှောက်ထားသည့် ရန်ကုန်မြို့တော်စည်ပင် ကော်မတီဝင်လေးဦး အနက်မှ အရှေ့ပိုင်းခရိုင်တွင် ရွေးကောက်တင်မြှှောက်ခံခဲ့ရသူ ဦးဌေးအောင်(ဆာကူရာ) ကို အရှေ့ပိုင်းခရိုင်မှ မြို့နယ်များ ရန်ကုန်မြို့လယ်ခေါင်ရေကြီးမှုနှင့် ကော်မတီဝင်များ လုပ်ပိုင်ခွင့်စသည့် အကြောင်းအရာများကို မဇ္ဈိမက မေးမြန်းထားမှု ကို ဖော်ပြလိုက်ပါသည်။

ဦးဌေးအောင်က လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ တစ်သီး ပုဂ္ဂလ အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်လည်း ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

မေး။     ။ ရန်ကုန်စည်ပင် ရွေးကောက်ခံ ကော်မတီဝင်တွေ လုပ်ကိုင်နိုင်ခွင့် အပြည့်အ၀ ရလား။
 

ဖြေ။     ။ လုပ်ပိုင်ခွင့်ကို ကိုယ်က တိတိကျကျ ယူနိုင်တယ်ဆိုရင် ရတယ်။ အာဏာကို ရအောင် ယူနိုင်ရင် ပါတယ်။ ကိုယ့်မှာ အရည်အချင်းမရှိ မယူနိုင်ဘူးဆိုရင်တော့ မရဘူး။ ဥပမာ ရပ်ကွက်ထဲမှာ ရေပိုက် ပျက်နေ တယ်။ အဲဒါကို မလဲနိုင်တာရှိရင် အဲဒီတော့ ကိုယ်အိတ်ထဲကဟာနဲ့ လဲရတာ။ စည်ပင်သာယာက ပိုက်ဆံနဲ့ လဲပေးတာ မဟုတ်ဘူး။ အရမ်းဆိုးတဲ့ဟာတွေကို လဲပေးတယ်။ ဒီလိုမျိုးရှိတယ်။  

မေး။     ။ အရှေ့ပိုင်းခရိုင်ထဲက ဒဂုံတောင်အပြင် အခြားမြို့နယ်တွေ မိုးတွင်းဆို ရေကြီးတဲ့ ပြဿနာတွေ အမြဲ ရင်ဆိုင်နေ ရတယ်။ ဒါတွေ ဘာလုပ်ပေးဖို့ ရှိလဲ။

ဖြေ။     ။ အဓိက မြောင်းတွေကိုဖော်ခိုင်းတယ်၊ မြို့နယ်တွေမှာ စက်တွေ ပေးထားတယ်။ မြို့နယ်က ရပ်ကွက်ကို အပ်လိုက်တယ်။ အဲဒီတော့ ရပ်ကွက်လူကြီးက သူအဆင်ပြေတဲ့နေရာ သူဆယ်သွားတယ်။ အဲဒီတော့ ကျွန်တော်တို့က ပြောရတယ်။

ဆယ်ချင်တဲ့နေရာ ဆယ်တာတဲ့။ တကယ့်ရေထွက်ပေါက်ကြီးတွေက ရေထွက် နိုင်အောင် ဆယ်ခိုင်းတာ၊ ရေဘာကြောင့်မြုပ်လဲ ဆိုတာကို သေချာကြည့်ပြီး လုပ်ရမှာပေါ့။ အဲတော့ ဖော်ချင်ရာ ဖော်ချင်တဲ့ လမ်းကို ဖော်တယ်၊ ကျွန်တော်တို့ တစ်ယောက်တည်း လုပ်လို့မရဘူး။ အဓိကက အုပ်ချုပ်ရေး ယန္တရား၊ အဲဒါတွေကလည်း ရပ်ကွက်ထဲကရှိတဲ့ ပြည်သူတွေက တင်ထားတဲ့သူတွေ ပဲလေ။ မြို့နယ်စည်ပင် တွေကိုလည်း လိုက်ကြည့်ပြီး ရေထွက်ပေါက်တွေကို အရင်ဖောက်တာ ဒါတွေလုပ်ခိုင်းထားတယ်။ တကယ် ရေထွက်တဲ့ နေရာတွေ ပိတ်နေတာတွေကို မလုပ်နိုင်တော့ အခုမိုး တစ်မ နှစ်မလည်း ရွာကော ရေကြီးတာပေါ့။

စည်ပင်သာယာမှာကလည်း ဝန်ထမ်းက သိပ်မရှိဘူး။ ကျွန်တော်တို့ကလည်း ခရိုင်တစ်ခုလုံးအကုန်လိုက်ပြီး မကြည့်နိုင်ဘူးလေ။ မြို့နယ်အဆင့် လုပ်သင့်တာကို လုပ်ပိုင်ခွင့်တွေ အခုပေးနေတယ်။ တစ်ချိန်တုန်းက အခု မြို့သစ်တွေက စည်ပင်အောက်က မဟုတ်ဘူး။ အိုးအိမ်အောက်က အခု အစိုးရအပြောင်းအလဲ ၂၀၁၃ ကျမှ စည်ပင်အတွင်းက မြို့သစ်တွေအားလုံးရဲ့ မြေယာတွေ အားလုံးကို စည်ပင်က လွှဲပါဆိုလို့ လွှဲလိုက်တာ။  အဲဒီ တော့ အိုးအိမ်က လုပ်ထားတဲ့ မပြည့်မစုံ လုပ်ထားတဲ့ဟာတွေ သူ့စီမံကိန်း အရ လမ်း၊ ရေသုံးစွဲတဲ့ စနစ်၊ ပြွန်ပေါက်တွေ လုပ်ခဲ့ရမှာကို ၂၀ ရာခိုင်နှုန်းတောင် မပြည့်စုံတဲ့ဟာကို စည်ပင်လုပ်တော့ ဆိုပြီး အပ်ခဲ့တာ။ မြို့သစ်တွေပဲ တည်လိုက်တာ ဘာမှမပြည့်စုံဘူး။

အရင်အစိုးရက မြို့သစ်တွေတည်ပြီး ဘာမှ ပြည့်စုံမှု မရှိဘဲ စည်ပင်ကို ထိုးအပ်တဲ့အခါကျတော့ စည်ပင်က ဘယ်ဘတ်ဂျက်နဲ့ လုပ်မှာလဲ။ ဌာန ဝင်ငွေထွက်ငွေနဲ့ သုံးရတာ အစိုးရက တစ်မြို့နယ်ကို ကျပ်ငွေ ၁၀ ဘီလီယံ လောက်ချပေးတာ။ ရေပြွန်ဆိုရင် လည်း တစ်မြို့နယ်ကို ၅၀ ၁၀၀၊ လောက်ပဲ တစ်မြို့နယ်လုံးမှာ ပြွန်ပေါက်ပေါင်း ၂,၀၀၀၊ ၃,၀၀၀ လောက်ရှိတာ ပြွန်ပေါက်လေးတွေ ကလည်း သေးသေးလေးတွေ၊ လူဦးရေက တိုးလာပြီး အိမ်တွေက တိုးလာပြီ။ ဒါနဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ မြို့သစ်တွေ လုပ်တုန်းကလည်း စနစ်တကျ မရှိခဲ့လို့ ရေမြောင်းတွေက တစ်ညီတစ်ညာ မရှိဘူး။ ရေမြောင်းတွေ မဖော်ပေးချင်ကြတာတွေလည်း ရှိတယ်။

မေး။     ။အခု တာဝန်ယူနေတဲ့ ကာလအတွင်း စည်ပင်က သုံးစွဲတဲ့ ဘတ်ဂျတ်ပမာဏ ဘယ်လောက်ရှိ တယ်လို့ သိရလဲ။

ဖြေ။     ။ ဘတ်ဂျက်က ဘီလီယံပေါင်း ၃၀၀ ကျော်ရတယ်၊ ၃၃ မြို့နယ်အတွက်၊ ခရိုင်တွေ ပါတယ်၊ တစ်နေ့ကို ရေဂါလံ သန်း ၄၀ ပေးနိုင်ဖို့ အဲဒီတည်ဆောက်ရေး စီမံကိန်းတွေမှာလည်း သုံးတယ်။ ဌာနဆိုင်ရာ အဆောက် အအုံ ဆောက်တဲ့ လုပ်ငန်းတွေမှာ သုံးတယ်။ စည်ပင်က ကိုယ်ရှာရတဲ့ပိုက်ဆံအပေါ်မှာ ဘယ်လောက်သုံးမယ် ဆိုတာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကြိုတင်ရတာ မနှစ်က ၂၄၀ ဒီနှစ် ဘီလီယံ ၃၀၀ကျော်၊ နောက်နှစ် အတွက်ကို ဒီနှစ် ၈လပိုင်း၊ ၉လပိုင်းမှာ ကြိုတင်ခန့်မှန်းတင်ရတော့မယ်။ စာရင်းစစ်တွေ၊ ဘာတွေနဲ့ ဝင်ငွေ ဒီလောက် ဒါကို ခွင့်ပြုမလားဆိုပြီး တိုင်းအစိုးရအဖွဲ့က သဘောတူတာကို ပြည်သူ့လွှတ်တော်ကို ဆက်တင်ပြီး ခွင့်ပြုမှ မနှစ်က ၈ လပိုင်းက တင်တာကို အခု ၄ လပိုင်းလောက်မှာ ကျတယ်။ အရင်မြို့တော်ဝန်တွေလို သူ့လက် သူ့ခြေနဲ့ သုံးခွင့်က သိန်းငါးဆယ်ပဲ ရှိတယ်။ အဲဒီထက်ကျော်ရင် အစိုးရအဖွဲ့ကို တင်ရတယ်။ ဒါတွေကိုလည်း မသိကြဘူး၊ အရင်မြို့တော်ဝန်လက်ထက်နဲ့ မတူတော့ဘူး။ အရင်မြို့တော်ဝန်တွေက ပိုက်ဆံမရှိရင် ဘဏ်ထဲက ပိုက်ဆံထုတ်သုံးလိုက်၊ နောက်နှစ်ဘတ်ဂျက်က ကြိုသုံးလို့ရတယ်။ အရင် ဘတ်ဂျက်က မြို့တော်ဝန်လက်ထဲမှာရှိတယ်။ အခုဘတ်ဂျက်က မြို့တော်ဝန်လက်ထဲမှာ မရှိတော့ပါဘူး။ ဒါတွေကိုလည်း လွန်ခဲ့တဲ့ လေး၊ ငါးလ ကမှ ကိုယ်တွေ့သိရတာ။

မေး။     ။လူထုရွေးတဲ့ ကော်မတီဝင် ၄ ဦးနဲ့ မြို့တော်ဝန်က ခန့်ထားတဲ့ကော်မတီဝင် ၄ ဦးက လုပ်ငန်း အကြောင်း အရာ တစ်ခုပေါ် မူတည်ပြီး ထိပ်တိုက်ငြင်းခုံဆုံးဖြတ်ခဲ့ရတာမျိုး ရှိလား။

ဖြေ။     ။ ဒီနေ့ထိ တစ်ခါမ ှမငြင်းရသေးဘူး။ ငြင်းစရာ အကြောင်းကို မပေါ်ပေါက်သေးလို့။ ဥပမာ ဦးခင်လှိုင်က ကန့်ကွက်တဲ့ ကိစ္စရှိတယ်။ သူ ကန့်ကွက်တယ်ဆိုရင် မြို့တော်ဝန်အပါ အားလုံးက ဒါကို ခင်ဗျားဘယ်လိုဖြစ်ချင် လဲ ဖြစ်ချင်တဲ့ပုံစံ ဖြေရှင်းပါ၊ ဦးဆောင်ပြီးလုပ်ပါဆိုပြီး လွှတ်ပေးလိုက်တယ်။ အဲဒီတော့ ကိုယ်တို့က ဘာမှငြင်း စရာ မရှိဘူး။ ဒီနေ့အချိန်ထိ မြို့တော်ဝန်က ထိပ်တိုက် ပြောတာမရှိဘူး။ ကိုယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စ ကိုယ် တာဝန် ယူရင် လုပ်ပဲ။

မေး။     ။ ဒါနဲ့ မြို့တော်ဝန် ရွေးထားတဲ့ ကော်မတီဝင် ၄ ဦးကကော ဘာအလုပ်တွေ လုပ်နေကြတယ်လို့ သိထားလဲခင်ဗျ။

ဖြေ။     ။ သူတို့ အများကြီး လုပ်နေတယ်။ အတွင်းရေးမှူးဆိုရင် ရန်ကုန် ယာဉ်စည်းကမ်းထိန်းသိမ်းရေး၊ ယာဉ်ကြော ကျပ်တဲ့ကိစ္စတွေ ထိန်းသိမ်းရေး စတဲ့ အစည်းအဝေးတွေ၊ အစည်းအဝေးတွေအများကြီးပဲ။ မြေယာ စတဲ့ဌာနတွေ၊ ကိုယ့်တာဝန်နဲ့ ကိုယ်ရှိတယ်။ ကျွန်တော်တို့လည်း ဌာန ၄ ခု ကိုယ့်တာဝန်နဲ့ကိုယ် ခွဲပေးထား တယ်။ ဌာနတွေမှာရှိတဲ့လုပ်ငန်းတွေလည်း အများကြီးပဲ။ ဒါတွေကို သွားကြည့်နေတာကိုက တစ်နေ့နဲ့ တစ်နေ့ လက်မလည်ဘူး။ သွားမကြည့်ရင်တော့ ရတာပေါ့။ သွားကြည့်ပြီး ကိုယ်တိုင်ကိုယ်ကျ လုပ်မယ်ဆိုရင် ၂၄ နာရီမှာ လောက်တောင် မလောက်ဘူး။ အလုပ်တွေက အများကြီးပဲ။

မေး။     ။ သုံးငွေတွေက စီးဆင်းမှုက အမှန်အကန်ကောဖြစ်ရဲ့လား။ ပြောရမယ်ဆိုရင်လုပ်ငန်းတစ်ခုအပေါ် သုံးစွဲတဲ့ ငွေပမာဏတွေက ကိုက်ညီမှုရှိလား။ဝန်ထမ်းတွေကြောင့် တခြားအလေ့အလွင့်တွေ ရှိနေလား။

ဖြေ။     ။ အဲဒါကတော့ ရှိမှာပဲ။ ဌာနအားလုံးတိုင်းမှာပဲ ဒီဌာနမှ မဟုတ်ဘူး။ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ခွင့်ရ တဲ့ ဌာနကော၊ ပညာရေးဌာနတွေကော၊ ဇီးသီးဗန်းမှောက်တယ် ဆိုတာ ကြားဖူးတယ်မလား။ အဲလိုပဲ ဒါတွေ တော့ ရှိမှာပဲ။ ရှိမှာပဲဆိုတော့ စည်ပင်သာယာက အင်ဂျင်နီယာကလည်း သူကိုယ်တိုင်လုပ်တာ မဟုတ်ဘူး။ ဘတ်ဂျက်က အင်ဂျင်နီယာကို ချပေးလိုက်တယ်။ အင်ဂျင်နီယာက သူ့ဘာသာ ကန်ထရိုက် ငှားရင် ငှားမယ် ပေါ့။ မငှားတဲ့ အင်ဂျင်နီယာက ဌာနဆိုင်ရာက အုန်းမွေးလုံးနဲ့ ခင်းတဲ့လမ်း အဲဒါကဘာမှလုပ်လို့ မရဘူး။ ဘာမှလည်း စားလို့မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့။ စည်ပင်က ဖျော်ပြီးသားဟာကို သွားလောင်းလည်း ဘာမှ လုပ်လို့ မရဘူး။ အဲ ကန်ထရိုက်ပေးပြီးတော့ အပြင်က အလုပ်သမားနဲ့ ခေါ်လောင်းတဲ့ဟာတွေ ကတော့ ရှိကောင်း ရှိနိုင်တယ်။ အဲဒီမှာ အရည်အသွေး မထိန်းလို့ ကန်ထရိုက်နဲ့ ပေါင်းပြီး ရာခိုင်နှုန်းယူတာတို့ ရှိကောင်း ရှိမယ်။ ကိုယ်တွေကတော့ စစ်နေတာပဲ။ ရပ်ကွက်ထဲကို မှာထားတယ် လမ်းက ဒီလိုရှိတယ်၊ ဒီအချိုးနဲ့လောင်း ရမယ်။ ဝိုင်းကြည့်ပါ။ မဟုတ်ရင်ပြော၊ ပြောမရရင်တိုင်၊ ဒါပဲပြောလို့ရမယ်။ ခိုးတယ် မခိုးဘူးဆိုတာ ကျွန်တော်တို့ စံနှုန်းနဲ့ သွားပြီး တိုင်းတဲ့အခါ တွေ့တဲ့ အခါ ဖြတ်တာပေါ့။ ထုတ်ပေးတဲ့ ပိုက်ဆံထဲက ရာခိုင်နှုန်းဘယ်လောက် ဆိုပြီးတော့။ တချို့ဆိုရင် ၁၀၊ ၂၀ ရာခိုင်နှုန်းအထိ မကြိုက်ရင် မကြိုက်သလို ဖြတ်တယ်။ ဒါတွေကတော့ ရှိနေဦးမှာပဲ၊ ဘယ်လောက်ကြာဦးမလဲဆိုတာလည်း မပြောနိုင်ဘူး။ ဒါတွေကို ထိထိရောက်ရောက် အရေးယူတဲ့ အရာတွေ ရှိလာရင်တော့ ပျောက်သွားမှာပေါ့။

မေး။     ။ အခုမြို့ထဲမှာ ရေကြီးနေတဲ့ ကိစ္စဖြေရှင်းဖို့အတွက် ကော်မတီဝင်တွေက ဆွေးနွေးဆုံးဖြတ်ထားတဲ့ အစီအစဉ်တွေ ရှိလား။

ဖြေ။     ။ ရှိပါတယ်။ ရှိပေမယ့် ဘတ်ဂျက်ပေါ့။ အခုကန်တော်ကြီးဘေးမှာ မြောင်းကြီးဖောက်နေတယ်။ မြို့လယ် မဂိုရ်လမ်း ထဲမှာ မြောင်းကြီးလုပ်နေတယ်။ ဒီလိုမျိုးက ရန်ကုန်တစ်မြို့လုံးကို လုပ်ရမှာ။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကနဲ့ အခု ရန်ကုန်လူဦးရေက လုံးဝကွာသွားပြီ။ အဆ ၃ ဆထိ တက်လာပြီ။ တိုက်အရေ အတွက်ကလည်း ၃ ဆတက်လာပြီ။ မြောင်းက အင်္ဂလိပ်ခေတ်ကတည်းက လုပ်ထားတဲ့ဟာ ဒါကို အခုမှ ဘတ်ဂျက် ချပေးတော့ တစ်နှစ်ကို ဘယ်နှစ်မြောင်း လုပ်နိုင်မလဲ။ လုပ်ရမှာက အများကြီးပဲ တစ်မြောင်းပြီးမှ တစ်မြောင်း လုပ်ရမှာလေ။ နောက်ငါးနှစ်လုပ် ကျိန်းသေပြီးမှာမဟုတ်ဘူး။ နောက်ငါးနှစ် ဘတ်ဂျက်ကလည်း ချလို့ ကုန်မှာ မဟုတ်သေးဘူး။ ဘာလို့လဲဆိုတော့ အခုလုပ်တာ လမ်းသွယ်တွေ မပါသေးဘူး။ မိန်းမြောင်းတွေပဲ လုပ်နေတာလေ။ လမ်းကျဉ်းတွေပါ လုပ်ရမှာ။ တကယ်တမ်းက အဲဒီထဲမှာ တစ်ပေခွဲလောက်ပဲရှိ တယ်။  မြောင်းတွေက အမှန်က သုံးပေလောက် ဖြစ်ရမှာ။ အဲဒီအတွက်က သီးသန့်ဘတ်ဂျတ် ချပေးတာရှိတယ်။ ဘယ်လောက်ဆိုတာတော့ ကိုယ်ကိုင်တဲ့ ဌာနမဟုတ်လို့ မသိဘူး။

မေး။     ။ အခု ကော်မတီဝင် ၄ ဦးကိုပဲ လူထု ရွေးတယ်၊ ကျန် ၄ ဦးကိုပါ လူထု ထောက်ခံမှုနဲ့ အခုချိန်မှာ ရွေးသင့်တယ်လို့ ထင်လား။ ရွေးသင့်လား။

ဖြေ။     ။ ရန်ကုန်မြို့တော်စည်ပင် က အရင် ၁၉၅၈၊ ဟိုဖက်အပိုင်းကဆိုရင် မြို့တော်ဝန်ဆိုတာ ရွေးပြီးမှ တက်တာ၊ အခုနှစ်ပေါင်း ၅၀၊ ၆၀ ထားပြီး အခုမှ လူထုက ပြန်ရွေးတာကို လုပ်တာ အဲဒီမှာမှ အခု ၄ ဦးပဲ ရွေးတာ၊ ၈ ဦးလည်း ရွေးချင်ရွေးမယ်၊ ရွေးဖို့ လည်း ပြောင်းချင်ပြောင်းမယ်၊ ပြောင်းဖို့လည်း ဆန္ဒရှိတယ်၊ မြို့တော်ဝန်သည်လည်း အရင်မြို့တော်ဝန်တွေလို လုပ်ပိုင်ခွင့်ရတဲ့ သူ ဖြစ်ချင်တာပဲ။ ဒါပေမယ့် သမ္မတက ဥပဒေအရ မြို့တော်ဝန် သည် ဝန်ကြီးချုပ်အောက်မှာ လုပ်ရမယ် ဆိုလို့ အောက်ရောက် သွားတယ်။ အရင်က မြို့တော်ဝန်တွေက တိုင်းမှူး တွေနဲ့ တစ်ပြေးထဲပဲ။ မြို့တော်ဝန်လည်း လွတ်လွတ်လပ်လပ် ဖြစ်ချင်ပေမယ့် ဥပဒေနဲ့ စနစ်က ဒီလိုလုပ်ရမယ် ဆိုတဲ့ ဘောင်ခတ်ပြီး လုပ်ခိုင်းလိုက်တော့ ငြင်းလို့ရမလား။ ငြင်းလို့မရဘူး။ ငြင်းချင်ရင် ဥပဒေ ကို ပြင်လေ။ မြို့တော်ဝန်ကောကော်မတီဝင်တွေကော ဝန်ကြီးချုပ်အောက်မှာ မဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့ အဖွဲ့ဖြစ် ချင်တာပေါ့။ အစိုးရက ခန့်တာမဟုတ်ဘဲ ပြည်သူက ရွေးသူတွေ ဖြစ်ချင်တာပေါ့။ ဒါပေမယ့် ချက်ချင်းတော့ ၅ နှစ်နဲ့ လုပ်လို့မရဘူး။ စည်ပင်သာယာကို  ၁၀နှစ်နဲ့လည်း တော်တော်ခက်ခက်ခဲခဲ ပြောင်းရမယ်။ ဘာဖြစ်လို့လဲ စည်ပင်သာယာမှာ ရှိတဲ့ သောင်းဂဏန်းသော ဝန်ထမ်းတွေအားလုံးက ခေါက်ရိုး ကျိုးနေပြီ။ ဒါတွေကို အားလုံးပဲ ပြင်ရမယ်။ ဝုန်းကနဲ ဒိုင်းကနဲ ပြင်လို့မရဘူး။ ဒီလူတွေက လေ့ကျင့်ထားသူ တွေလို ဖြစ်နေတာ။ အသစ်လဲရင်ရော နောက်လူတွေက ဘယ်လောက်လုပ်ပေးနိုင်မလဲ။ ကျွမ်းကျင်မှု။ ဘယ်လောက် အချိန်ယူရမလဲ။ ကျွန်တော်တို့လည်း အထဲရောက်ရင် ပြင်မယ်ဆိုပြီး မှန်းထားတာ။ ဒါပေမယ့် လုပ်ရမယ့်ဟာတွေ အခက်အခဲတွေ က အများကြီးပဲ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly