'ကျွန်မက နှင်းဆီပါမောင်' ရုပ်ရှင် ဇာတ်ကား အွန်လိုင်းတွင် တရားမဝင် ပျံ့နှံ့နေ၍ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်က အရေးယူမည်

'ကျွန်မက နှင်းဆီပါမောင်' ရုပ်ရှင် ဇာတ်ကား အွန်လိုင်းတွင် တရားမဝင် ပျံ့နှံ့နေ၍ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်က အရေးယူမည်

ရန်ကုန် ၊ ဇွန် ၁၉ ။      ။ ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင် ဇာတ်ကား အွန်လိုင်းတွင် တရားမဝင် ပျံ့နှံ့နေသည့် အတွက် ထားဝယ် ရုပ်ရှင်ထုတ်လုပ်ရေးက အရေးယူနိုင်ရန် စီစဉ်နေကြောင်း ထားဝယ် ရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေးမှ ပိုင်ရှင် ဦးစိုးသန်းက မဇ္ဈိမ ကို ပြောသည်။

ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင် ဇာတ်ကားသည် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင် ဇွန် ၁၂ရက် မှ စတင်ကာ ရုံတင်ပြသခဲ့ပြီး ယခုအခါတွင် အွန်လိုင်း၌ ယင်းဇာတ်ကားကို ကူးယူထားသည့် ဗီဒီယို Link များ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ထားဝယ် ရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေးမှ ပိုင်ရှင် ဖြစ်သူ ဦးစိုးသန်းက "ဖေ့ဘုတ်မှာ တရားမဝင် ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး ဒီကိစ္စကို အထူးကိစ္စ အနေနဲ့ စီစဉ် ဆောင်ရွက်နေပါတယ်။ တခုခုတော့ ဆောင်ရွက်နေပါတယ်။ အွန်လိုင်းမှာ တက်နေတဲ့ ဟာသည် ဦးတို့ဘက်က တရားဝင် ခွင့်ပြုလို့ တက်နေတာ မဟုတ်ဘူး။ ဒါ တရားမဝင် နည်းလမ်းနဲ့ ဥပဒေနဲ့ ငြိစွန်းနေတယ်။ မထိခိုက်စေချင်တဲ့ သူေတွေ မထိခိုက်အောင် သတိပေး ကြေညာချက် ထုတ်ထားတယ်။ ဦးတို့ဘက်က ဆုံးရှုံးမှုကြီးတဲ့ အတွက် ဦးကတော့ တခုခုတော့ စဉ်းစားပြီး စီစဉ်ဆောင်ရွက်နေပါတယ်" ဟု ပြောသည်။

ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင် ဇာတ်ကားကို ရုပ်ရှင်ရုံများ အတွင်း၌ တယ်လီဖုန်း ကင်မရာများ အပါအဝင် ကင်မရာအမျိုးမျိုးနှင့် ရိုက်ကူးခြင်း၊ ခေတ်မှီ နည်းပညာဖြင့် ရိုက်ကူးခြင်း၊ ကွန်ပြူတာ၊ အင်တာနက် အပါအဝင်၊ ခေတ်မှီ နည်းပညာများဖြင့် ကူးယူခြင်း ၊ ပေးပို့ခြင်း၊ အီလက်ထရောနစ် ဆက်သွယ်ခြင်းများ မပြုလုပ်ရန် အထူး တားမြစ်အပ်ပါသည်ဟု ထုတ်ပြန်ရေးကုမ္ပဏီက နိုင်ငံပိုင် သတင်းစာကတစ်ဆင့် သတိပေးထားသည်။

ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကို ရုပ်ရှင်ရုံများတွင်သာ ကြည့်ရှုအားပေးကြပါရန်နှင့် တယ်လီဖုန်းနှင့် ပေးပို့ခြင်း ၊ Facebook ပေါ်မှ တစ်ဦးနှင့်တစ်ဦး ပေးပို့ခြင်း ၊ ကိုယ်တိုင် တယ်လီဖုန်းများ၌ လက်ခံ၍ လက်ဝယ် ထားရှိခြင်းများ မပြုလုပ်ကြပါရန် နှင့် တယ်လီဖုန်းထဲ၌ လက်ဝယ်ထားခြင်း၊ CD ၊ ဒီဗီဒီနှင့် ကူးယူထားခြင်း၊ လူမှုကွန်ရက်စာမျက်နှာ (Facebook)၌ Post တင်ထားခြင်း တွေ့ရှိပါက ပယ်ဖျက်ပေးရန် မေတ္တာရပ်ခံထားပြီး လိုက်နာခြင်းမရှိပါက တည်ဆဲ ဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ထိုဇာတ်ကားကို ထားဝယ် ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဒါရိုက်တာဝိုင်း ရိုက်ကူးကာ နေတိုး၊ ဖွေးဖွေး တို့က သရုပ်ဆောင်ထားပြီး ကလေး သရုပ်ဆောင်များ အဖြစ် ဟဲဗီးဖြိုး၊ ယွန်းယွန်းတို့အပြင် သရုပ်ဆောင် များစွာ ပါဝင်သည့် ဇာတ်ကား ဖြစ်သည်။ ဇာတ်ကားည် အဆင်မြင့် ရုပ်ရှင် ဇာတ်ကား ဖြစ်ပြီး အရုပ် 4k ၊ အသံ စနစ် 5.1 System ဖြင့် အဆင်မြင့် ရုပ်ရှင် ဇာတ်ကား တစ်ကားလည်း ဖြစ်သည်။

ဒါရိုက်တာဝိုင်းက "ဒီကားကို ကျွန်တော်တို့ တာ်တော်လေးကြိုးစားခဲ့ပါတယ်... ထူးသဖြင့် ထားဝယ်ထုတ်လုပ်ရေးပေါ့... ဒီကားကိုသုံးခါ ယိုးဒယားမှာ ငွေကုန်ကျေးကျများစွာခံပြီး သွားလုပ်ခဲ့တယ်။ အသံ 5.1 SURROUNDINDဆိုလည်း သိန်း ၇၀ဆယ်ကျော်အကုန်ခံပြီးသွားလုပ်ခဲ့တယ်။ တကယ်ဆို ခုလိုလုပ်ရပ်မျိုးဟာ တိုးတက်ဖို့ကြိုးစားနေတဲ့ ကျွန်တော်တို့အတွက် အလဲထိုးခံလိုက်ရတာပါပဲ... ဒါကြောင့် ကျွန်တော်တို့ကို တိုးတက်စေချင်ရင်... ဆက်လက်ရှင်သန်ချင်သေးတယ်ဆိုရင်၊ ရုပ်ရှင်ရုံတွင် အာပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်"ဟု ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

ယင်းဇာတ်ကားသည် စတင် ရိုက်ကူးသည့် အချိန်မှ စ၍ ပရိသတ် စိတ်ဝင်စားမှု များခဲ့သည့် ဇာတ်ကား တစ်ခု ဖြစ်ပြီး ရုံတင်သည့် အခါတွင်လည်း ပရိသတ် အားပေးမှု ရရှိခဲ့သည့် ဇာတ်ကား ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly