လွှမ်းပိုင်နှင့် ထိုင်းမင်းသမီး ကရဗီ တို့ ပါဝင်သည့် ' ၆၇ ပလာဇာ' ဇာတ်ကား စတင် ရိုက်ကူး

လွှမ်းပိုင်နှင့် ထိုင်းမင်းသမီး ကရဗီ တို့ ပါဝင်သည့် ' ၆၇ ပလာဇာ' ဇာတ်ကား စတင် ရိုက်ကူး

ရန်ကုန် ၊ ဇွန် ၂ ။    ။ အဆိုတော် လွှမ်းပိုင်နှင့် မြန်မာနိုင်ငံတွင် ပြသခဲ့သည့် ဘယ်လိုအချစ်မျိုးလဲ ထိုင်း- မြန်မာ ရုပ်ရှင် ဇာတ်ကားထဲမှ ထိုင်းမင်းသမီး ကရဗီ (Korravee) တို့ ပါဝင်သည့် 67 Plaza ဇာတ်ကားကို ဒါရိုက်တာ သည်ခေတ်နေက စတင်ရိုက်ကူးနေပြီ ဖြစ်သည်။

ထိုဇာတ်ကားကို Bo Bo Film Production က ရိုက်ကူးခြင်းဖြစ်ပြီး သည်းထိတ်ရင်ဖို ဇာတ်ကား တစ်ကား ဖြစ်သည်။ ဇာတ်ကား အမည်မှာ  67 Plaza  ဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ အဖြစ် ဒါရိုက်တာ သည်ခေတ်နေက ရိုက်ကူးပုံဖော်မည် ဖြစ်သည်။

ဇာတ်လမ်းတွင် ကောင်လေးသည် ထိုင်းနိုင်ငံရောက်နေသည့် မြန်မာနိုင်ငံသား တစ်ဦးဖြစ်ပြီး ထိုင်း ကောင်မလေး တစ်ဦးနှင့် ချစ်သူဖြစ်ကာ နောက်ပိုင်းတွင် ကောင်လေးက မြန်မာနိုင်ငံ ပြန်လာခဲ့သည်။ ကောင်လေး ထိုင်းနိုင်ငံသို့ ပြန်ရောက်မလာသည့်အတွက် ၎င်းတို့၏ ချစ်သူ နှစ်ပတ်လည်နေ့တွင် အံ့သြစေရန် အတွက် ကောင်မလေးက မြန်မာပြည်ထိ လိုက်လာကာ ပလာဇာ တစ်ခုတွင် ၎င်းတို့ နှစ်ဦးပိတ်မိပြီး အခက်အခဲ ရောက်ရပုံကို ရိုက်ကူးပုံဖော်မည် ဖြစ်သည်။

ဇာတ်ကား တစ်ခုလုံးကို ထိုင်းစကားပြောဖြင့် ရိုက်ကူးမည်ဖြစ်ပြီးမြန်မာစာတန်းနှင့် အင်္ဂလိပ်စာတန်း ထိုးမည်ဖြစ်သည်။  ဒါရိုက်တာ သည်ခေတ်နေက “ လူတိုင်းကတော့ ထိုင်းစကားပြောနဲ့ ရိုက်မယ်ဆိုတော့ မဖြစ်နိုင်ဘူး။ ပီပြင်မှာ မဟုတ်ဘူးလို့ ထင်ကြတယ်။ ဒါပေမယ့် အခွေ ထွက်လာရင် ကြည့်ကြည့်ပါ။ ကျွန်တော်လည်း ဘာသာစကား အခက်အခဲရှိမယ်လို့ ထင်ခဲ့ပေမယ့် မင်းသားက ထိုင်းစကားကို လွယ်လွယ်ကူကူနဲ့ မှတ်မိပြီး ပြောနိုင်တော့ အခက်အခဲ မရှိဘဲ ရိုက်ကူးနိုင်ပါတယ်” ဟု ပြောသည်။

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ ချမ်းသာပလာဇာတွင် အဓိက ရိုက်ကူးသွားမည်ဖြစ်ပြီး မန္တလေးမြို့တွင်လည်း သွားရောက် ရိုက်ကူးရန် စီစဉ်ထားသည်။ ဇာတ်ကားကို ညဘက်များတွင်သာ ရိုက်ကူးမည်ဖြစ်ပြီး ၁၂ ရက်ကြာ ရိုက်ကူးမည် ဖြစ်သည်။ Bo Bo Film Production က လက်ရှိတွင် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားနှင့် ဗီဒီယိုဇာတ်ကား ၃ ကား ရိုက်ကူး ပြီးစီးထားပြီ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly