ရုရှ-မြန်မာ အဏုမြူ စွမ်းအင်ဆိုင်ရာ စာချွန်လွှာ လက်မှတ်ထိုး

ရုရှ-မြန်မာ အဏုမြူ စွမ်းအင်ဆိုင်ရာ စာချွန်လွှာ လက်မှတ်ထိုး

ဇွန်လ ၁၉ ရက်က သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦးနှင့် ရုရှားနိုင်ငံပိုင် အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း (ROSATOM) ၏ အမှုဆောင် အရာရှိချုပ် မစ္စတာ ဆယ်ဂေးလ် ကီရီယန်ကာနှင့် တွေ့ဆုံ ၍ နျူကလီးယား စွမ်းအင်အား ငြိမ်းချမ်းသော ရည်ရွယ်ချက်များနှင့် အသုံးချရေးအတွက် ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့သည်။

ဒေါက်တာ ကိုကိုဦးသည် ရုရှနိုင်ငံသို့ ဒုသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သည့် အဖွဲ့နှင့်အတူ ရောက်ရှိနေခြင်း ဖြစ်သည်။

ယင်းနားလည်မှု စာချွန်လွှာတွင် ရေဒီယို အိုင်ဆိုတုပ်များနှင့် အသုံးပြုမှုများ၊ နျူကလီးယား ဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ရုပ်ပိုင်းနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာကာကွယ်မှု၊  နျူကလီးယား စွမ်းအင်၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ရောင်ခြည် သက်ရောက်မှုကို ဆန်းစစ်မှု၊ နျူကလီးယား ဆေးပညာ၊ ရေဒီယိုသတ္တိကြွ ပဋိပစ္စည်း အသုံးပြု ကုသသော ရောဂါကာကွယ်နည်း ကုထုံး (Radio Immunotherapy) ဆိုင်ရာနည်းပညာနှင့် ဆက်စပ် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် မြန်မာသတ္တုဝန်ကြီးဌာနနှင့် ရုရှ သဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနတို့ အကြား နားလည်မှု စာချွန်လွှာတစ်ရပ်ကို ဒုသမ္မတနှင့် လိုက်ပါသွားသော နိုင်ငံခြားရေး ဒုဝန်ကြီး ဦးသန့်ကျော်နှင့် ရုရှ သဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီး Mr Sergey Donskoy တို့ လက်မှတ်ရေးထိုးခဲ့သေးကြောင်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly