မြန်မာနိုင်ငံ အပါအဝင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးမည့် မဲခေါင်ဖိုရမ် ကျင်းပမည်

မြန်မာနိုင်ငံ အပါအဝင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးမည့် မဲခေါင်ဖိုရမ် ကျင်းပမည်

ရန်ကုန်၊ ဇွန် ၁၀ ။     ။ မဟာမဲခေါင်ဒေသခွဲ (GMS)သည် ခရီးသွားလည်ပတ်ရန် ဒေသတစ်ခုအဖြစ်အာရှနှင့် ပစိဖိတ်ဒေသတွင်း အလျင်အမြန် ဖွံ့ဖြိုးလာနေသည့်အတွက် မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေး မည့်မဲခေါင် ဖိုရမ်ကို ဇွန်လ ၁၅ ရက်မှ၂၀ ရက်အထိ ဗီယက်နမ်နိုင်ငံ ဒါနမ်းမြို့တွင် ကျင်းပမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ ထုတ်ပြန်ကြေ ညာချက်တွင် ပါဝင်သည်။

ဖိုရမ်ကို အာရှဖွံ့ဖြိုးရေးဘဏ်အပါအဝင် ဖွံ့ဖြိုးရေး ပံ့ပိုးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ မီဒီယာ၊ ပညာရေး၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ ခရီးသွားကဏ္ဍ ကိုယ်စားပြု အစိုးကိုယ်စားလှယ်များ၊ ပုဂ္ဂလိအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် မည်ဖြစ်သည်။

အာရှဖွံ့ဖြိုးရေးဘဏ် လာအိုနိုင်ငံဌာနေကိုယ်စားလှယ်ရုံး အကြီးတန်းကျွမ်းကျင်ပညာရှင် Steen Schipani က "GMS ဒေသမှာ ခရီးသွားကဏ္ဍ စည်ပင်ဖွံ့ဖြိုးနေပေမယ့် ဒေသခံ လူ့အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားပိုကောင်းဖို့နဲ့ ပတ်ဝန်းကျင်ထိခိုက်မှု မရှိဖို့ အတွက် ပုံသွင်းဆောင်ရွက်ဖို့ လိုအပ်ချက်ကလည်း ဒီလို ဖွံ့ဖြိုးမှုနဲ့အတူ တစ်ပါတည်းပါလာပါတယ်” ဟုပြောသည်။

မဟာမဲခေါင်ဒေသခွဲသို့ ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ဧည့်သည် ၅၂သန်း လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်း ပိုမိုမြင့်မားလာကာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုနှုန်းများ အမြင့်မားဆုံးဖြစ်သည်။

GMS ဒေသသည် ကမ္ဘာ့ခရီးသွားဈေးကွက်၏ ၃ ရာခိုင်နှုန်းကို ရရှိနေပြီး ၂၀၁၂ ခုနှစ်မှ စကာ နှစ်စဉ် ခရီးသွားလည်ပတ်မှုနှုန်းမှာ ၂၀၀၂ ခုနှစ်က စတင်၍ ၁၂ ရာခိုင်နှုန်း တိုးတက်နေသည်။

ခရီးသွားလာရောက်လည်ပတ်မှုများတိုးတက်မှုများနှင့်အတူ ခရီးသွားဒေသများ၏အရင်းအမြစ်များနှင့် ပတ်ဝန်းကျင် ထိခိုက်နိုင်ခြေ ရှိ၍ ပတ်ဝန်းကျင် ထိန်းသိမ်းမှု နှင့် လူမှုစီးပွား အကျိုးအမြတ်ရစေသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာ ပိုမိုပြီး ကျင့်သုံးနိုင် ရန် ဖိုရမ်ကို ကျင်းပခြင်းဖြစ်သည်ဟု ဆိုသည်။

ဖိုရမ်တွင် မဟာမဲခေါင်ဒေသခွဲကို တစ်စုတစ်စည်းတည်းရှိနေသည့် ခရီးသွားလည်ပတ်ရာ နေရာတစ်ခုအဖြစ် ဖော်ဆောင်ရန် လိုအပ်သည့် အချက်များကို အကောင်အထည်ဖော်ရေး၊ လက်တွဲပူးပေါင်းဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေး မည်ဖြစ် ပြီး နိုင်ငံဖြတ်ကျော် ယဉ်ကျေးမှုဆိုင်ရာ လမ်းကြောင်းများ၊ နေထိုင်ရန်နေရာများနှင့် ဈေးကွက်ရရှိစေရေး အွန်လိုင်းလူမှုကွန်ရက် အသုံးပြုခြင်းများကို ဆွေးနွေးမည်ဖြစ်သည်။

မဟာမဲခေါင်ဒေသခွဲ (GMS) တွင် ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ (ယူနန်ပြည်နယ်နှင့် ဂွမ်ရှီဇောင်အထူး အုပ်ချုပ်ခွင့်ရဒေသ) လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly