ပုဂ္ဂလိကဘဏ်များနှင့် ငွေလဲကောင်တာများတွင် ဒေါ်လာများဝယ်ရန်ယူ ခက်ခဲနေ

ပုဂ္ဂလိကဘဏ်များနှင့် ငွေလဲကောင်တာများတွင် ဒေါ်လာများဝယ်ရန်ယူ ခက်ခဲနေ
ပြည်တွင်း ငွေလဲကောင်တာတစ်ခုတွင် ငွေလဲလှယ်နေသည့် နိုင်ငံခြားသားများကို တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန်၊ ဇွန် ၁၀ ။    ။ တရားဝင်သတ်မှတ်ထားသော ငွေလဲလှယ်နှုန်းအတိုင်း ဒေါ်လာများ ရောင်းဝယ်ကြရန် မြန်မာနိုင်ငံ ဗဟိုဘဏ် က ပုဂ္ဂလိကဘဏ်များကို ညွှန်ကြားထားသောကြောင့် ပြင်ပပေါက်ဈေးနှင့် ကွာဟမှု ကြီးမားနေပြီး ပုဂ္ဂလိကဘဏ် များက ဒေါ်လာ အရွက်လိုက် ထုတ်ရောင်းခြင်း မပြုတော့ ကြောင်း ဒေါ်လာဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။

ဇွန် ၉ ရက်တွင် ပြင်ပငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် မြန်မာကျပ် ၁,၂၀၇ ကျပ်အထိ မြင့်တက်နေသော်လည်း ဗဟိုဘဏ် က ဈေးနှုန်းကို တစ်ဒေါ်လာ ၁,၁ဝ၅ ကျပ်သတ်မှတ်ထားပြီး သတ်မှတ် ပုဂ္ဂလိကဘဏ်များကိုလည်း အပေါင်း ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် အနှုတ် ၀ ဒသမ ၈ ရာခိုင်နှုန်းဖြင့်သာ ရောင်းချခွင့်ပြုထားခြင်းဖြစ်ကြောင်း ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင် သူများက ပြောသည်။

ထိုသို့ဈေးနှုန်းကွာဟချက် ကြီးမားသောကြောင့် ပုဂ္ဂလိကဘဏ်များတွင် ဒေါ်လာများကို အရွက်လိုက်ရောင်းချခြင်း မပြုတော့ဘဲ ဘဏ်အကောင့်တစ်ခုမှ တစ်ခုသို့ လွှဲပြောင်းသည့် စနစ်ဖြင့် သာရောင်းချပေးနေကြောင်း ပြည်တွင်းဘဏ်များထံမှ စုံစမ်းသိရ သည်။

“ကျွန်တော်တို့ဘဏ်မှာတော့ ဒေါ်လာကို အရွက်လိုက် မရောင်းတော့ပါဘူး။ ကျွန်တော်တို့ ဘဏ်မှာလုပ်ထားတဲ့ Account to Account ဆိုရင်တော့ရမယ်။ ပြင်ပဈေးကွက်နဲ့ အရမ်းကွာနေ တဲ့အတွက် ထုတ် မရောင်းပေးနိုင်တာပါ” ဟု ပြည်တွင်းဘဏ် တစ်ခုမှ အမည်မဖော်လိုသူ တာဝန်ရှိသူက ပြောသည်။

ဗဟိုဘဏ်က တရားဝင်သတ်မှတ်ထားသော ဈေးနှုန်းသည် ပြင်ပမှောင်ခိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းနှင့် ကွာခြားနေသောကြောင့်မှောင်ခိုဈေးကွက်အတွင်းသာ အရောင်းအဝယ်ဖြစ်နေကြကြောင်း ပြင်ပငွေလဲ ရောင်းဝယ် သူများကပြော သည်။

Farmer Money Changer မှ ဦးမျိုးထွေးက “အစ်ကိုတို့ Money Changerတွေကတော့ ဗဟိုဘဏ်က ဖွင့်ပေးထားတဲ့ ဈေးနှုန်း ကိုပဲ လိုက်ပြီး အလုပ်လုပ်နေရတာပေါ့။ ဒါပေမယ့်ဗဟိုဘဏ် ရဲ့ ဈေးနှုန်းနဲ့ လက်ရှိ ပေါက်ဈေးနဲ့က အရမ်းကွာနေတဲ့အခါကျတော့ သိပ်ပြီးအရောင်းအဝယ်မရှိဘူးပေါ့။ အစ်ကိုတို့ကတော့ ဝယ်လို့ရသလောက် ပြန်ရောင်းပေးနေပေမယ့် ဈေးက ကွာနေ တဲ့အခါ ကြတော့ ကိုယ့်ကိုလည်း ရောင်းပေးမယ့် သူက မရှိဘူး ဖြစ်နေတယ်” ဟု ပြောသည်။

နိုင်ငံခြားငွေကြေး ဈေးကွက်တွင် ဇွန်လ ၉ ရက်က အမေရိကန် တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁,၂၀၅ ကျပ်၊ ရောင်းဈေး ၁,၂၀၇ ကျပ်အထိ ပေါက်ဈေးရှိနေပြီး  အဆိုပါဈေးနှုန်းသည် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့ကြောင်း ငွေကြေး လဲလှယ်မှု စာရင်းများအရ သိရသည်။

“ကျွန်တော် လက်ရှိဘဏ်တွေအနေနဲ့ အခက်အခဲကတော့ ရှိတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအား နေရာမှာပေါ့။ အပြင်က ဈေးနှုန်းနဲ့ကလည်း အရမ်းဟနေ တယ်ဆိုတော့ ကျွန်တော်တို့ ကလည်း ဗဟိုဘဏ်ရဲ့ စည်းကမ်းကို လိုက်နာရတယ်ဆိုတော့ အပြင်ကလူတစ်ယောက်က ဘဏ်မှာ လာဝယ်ပြီး Money Changer မှာ ပြန်ရောင်းရင်တောင် အမြတ်က တော်တော်ရနေပြီ ဆိုတော့ အဲ့ပြဿနာလေးတွေတော့ ရှိတယ်” ဟု ဧရာဝတီဘဏ်မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးသူရမောင်က ပြောသည်။

"လာဝယ်တဲ့သူ အကုန်လုံးကိုတော့ မရောင်းနိုင်ဘူးပေါ့။ ဥပမာ နိုင်ငံခြားကို ဆေးသွားကု မယ်ဆိုရင် သူ့ရဲ့စာရွက်စာတမ်းတွေ လေယာဉ်လက်မှတ်တွေကို စစ်ပြီးတော့ ရောင်းပေးတယ်။ ကုန်သွယ်ရေးအတွက် ကတော့ Corporate Account တွေ ရှိရင် ရောင်းပေးပါတယ်" ဟု ၎င်းက ဆက်၍ပြောသည်။

ဗဟိုဘဏ်က မေလ ဒုတိယပတ်အတွင်းကနိုင်ငံခြားသုံးငွေ ရောင်းဝယ်ကောင်တာ ဖွင့်ခွင့် လိုင်စင်ရ ပုဂ္ဂလိကဘဏ်များနှင့် ဘဏ်မဟုတ်သော ပုဂ္ဂလိက အဖွဲ့အစည်းများ၏ ငွေလဲကောင် တာ များအား တွေ့ဆုံခဲ့ပြီး သတ်မှတ်ဈေးနှုန်းအတိုင်း မဟုတ်ဘဲ ရောင်းချလိုသော ဈေးနှင့် ရောင်းချနေခြင်း တွေ့ရှိပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အရေးယူဆောင်ရွက်ရန် စီစဉ်နေသည်ဟု ပြောဆိုခဲ့ ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဗဟိုဘဏ် ဒုတိယညွှန့်ကြားရေးမှူးချုပ် ဦးဝင်းသော်အား မေးမြန်း ခဲ့သော်လည်း သတင်းဌာနများအား ပြောကြားရန် အစီအစဉ် မရှိသေးကြောင်း ပြန်လည်ဖြေ ကြား ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly