အာရှ ရင်းနှီးမြှုပ်နှံမှု ဘဏ်တွင် မြန်မာက မတည်ငွေ ၂၆၄ သန်းခွဲ ထည့်ဝင်ရန် လွှတ်တော် အတည်ပြုချက် သမ္မတ တောင်းခံ

အာရှ ရင်းနှီးမြှုပ်နှံမှု ဘဏ်တွင် မြန်မာက မတည်ငွေ ၂၆၄ သန်းခွဲ ထည့်ဝင်ရန် လွှတ်တော် အတည်ပြုချက် သမ္မတ တောင်းခံ

နေပြည်တော်၊ ဇွန် ၉ ။     ။ မြန်မာနိုင်ငံသည် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) တွင် မူလ အဖွဲ့ဝင်အဖြစ် ပါဝင်ရေးနှင့် သတ်မှတ်လျာထားသည့် မတည်ငွေရင်း သတ်မှတ်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၉၂ ဒသမ ၁၂ သန်းထည့် ဝင်ရန် လွှတ်တော်က အတည်ပြုပေးခဲ့ခြင်းကို ၂၆၄ ဒသမ ၅သန်းအထိ တိုးမြှင့်ထည့်ဝင် နိုင်ရေးအတွက် ထပ်မံအတည်ပြုပေးရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ဇွန်လ ၅ ရက်က စာ ပေးပို့ ခဲ့သည်။

ယခင် အတည်ပြုချက် တောင်းခံစဉ်က AIIB တွင် မူလအဖွဲ့ဝင် ၂၂ နိုင်ငံရှိပြီး ကနဦး မတည်ငွေရင်းကို အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ ဖြင့် စတင်တည်ထောင်ရန် ဆောင်ရွက်ခဲ့ သော်လည်း ဒေသတွင်းနှင့် အခြား နိုင်ငံများကပါ အဖွဲ့ဝင်ရန် အဆိုပြု လာကြမူလအဖွဲ့ဝင် စုစုပေါင်း ၅၇ နိုင်ငံ ရှိလာသည်။ ထို့အတူ မတည်ရင်းနှီး ငွေကိုလည်း ဘီလျံ ၁၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့ သဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ မတည်ငွေရင်း ထည့်ဝင်မှုကို တွက်ချက်သတ်မှတ်သည့်အခါ မြန်မာနိုင်ငံ က ထည့်ဝင်ရမည့် ငွေမှာ ၂၆၄ ဒသမ ၅ သန်း ဖြစ်လာသောကြောင့် ယခုကဲ့သို့ထည့်ဝင်ငွေ တိုးသွားခြင်းဖြစ်ကြောင်း သမ္မတ၏ စာတွင် ဖော်ပြထားသည်။

သို့ရာတွင် ကနဦး ထည့်ဝင်ရမည့်ငွေမှာ စုစုပေါင်းထည့်ဝင်ရမည့်ငွေ ၏ ၂၀ ရာခိုင်နှုန်း (၅၂ ဒသမ ၉ သန်း)သာ ဖြစ်ပြီး ၎င်းပမာဏကိုလည်း ၁၀ နှစ် အရစ်ကျဖြင့် တစ်နှစ်လျှင် ၅ ဒသမ ၂၉ သန်းသာ ထည့်ဝင်ရမှာ ဖြစ်ကြောင်းနှင့် ကျန်ငွေ ၈၀ ရာခိုင်နှုန်း ( ၂၁၁ ဒသမ ၆ သန်း) ကို ဘဏ်လုပ်ငန်း အခြေအနေအရ လိုအပ်ချက်ရှိမှသာ ထည့်ဝင်ရမှာဖြစ်ကြောင်းလည်း စာတွင် ရှင်းလင်းဖော်ပြထားသည်။

“ မြန်မာနိုင်ငံက မတည်ငွေရင်း တိုးမြင့် ထည့်ဝင်ခြင်းကြောင့် မဲပေးပိုင်ခွင့် တိုးမြင့်လာခြင်း၊ လိုအပ် သည့် အရင်းအနှီး ချေးငွေများ ကို ရယူနိုင်ခွင့် ပိုလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါမည်။ တစ်ကြိမ် တည်း မဟုတ်ဘဲ အရစ်ကျ ထည့်ဝင်ရသဖြင့် ထည့် ဝင်နိုင်သည့် အနေအထားရှိကြောင်း သုံးသပ်ရရှိပါသည်” ဟုလည်း သမ္မတ၏ စာတွင် ပါရှိသည်။

အာရှဒေသတွင်း စီးပွားရေး အခြေခံအဆောက်အအုံများနှင့် အခြားသော ဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်း များမှာ ဒေသတွင်း စီးပွားဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်နိုင်မည့် ဘဏ်တစ်ခု တည်ထောင်ဖို့ရည်ရွယ်ချက် ထားပြီး AIIB ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဦးဆောင်ဖွဲ့စည်းရန်ဆောင်ရွက်ခဲ့ကြောင်း၊ AIIB နှင့် နိုင်ငံတကာ ဖွံ့ဖြိုးရေးဘဏ်များ ပူးပေါင်းပြီး လိုအပ်သည့် နှစ်ရှည်ဘဏ္ဍာငွေ များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ကြမှာ ဖြစ်ကြောင်း၊ အာရှနိုင်ငံများ ကြုံတွေ့ရသည့် ဘဏ္ဍာရေး အခက်အခဲများ ကို ဖြေရှင်းရာမှာ ဒေသတွင်းနဲ့ ဒေသပြင်ပတို့က ထပ်မံ လိုအပ်သော အရင်းအမြစ်များကို တိုးမြင့် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားသည့် နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့အစည်း တစ်ခုအဖြစ် AIIB ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်းပြောကြားသည်။

“AIIB ဟာ အခြေခံ အဆောက်အအုံနဲ့အခြားသော ကုန်ထုတ်လုပ်မှု ကဏ္ဍများရဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အများပြည်သူ နဲ့ပုဂ္ဂလိကငွေကြေး အရင်းအနှီးမှာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့ပါ၊ ဒုတိယ အချက်အနေနဲ့ဒေသတစ်ခုလုံး စီးပွားတိုးတက်မှု တညီ တည်းဖြစ်စေတဲ့အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့ အဖွဲ့ဝင်နိုင်ငံများ (LDC) ရဲ့ လိုအပ်ချက်ကို အလေးထားတဲ့ စီမံကိန်းတွေ အစီအစဉ်တွေ အပါအဝင် ဒေသတွင်း ဖွံ့ဖြိုးရေးတိုးတက်မှုမှာ ဘဏ္ဍာငွေ ဖြည့်ဆည်းနိုင်မယ့် အရင်းအမြစ်များကို အသုံးချနိုင် ဖို့ ဖြစ်ပါတယ်။ တတိယ အချက်ကတော့ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးဖို့ဖြစ်ပြီး၊ စတုတ္ထ အချက်က ဒီလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အခြားသော လုပ်ငန်းများကို အကောင်အထည်ဖော် ရန်နဲ့ပံ့ပိုးကူညီရန်ပဲ ဖြစ်ပါတယ်” ဟုလည်း ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်သို့ရှင်းပြသည်။

AIIB ကို ခွင့်ပြု မတည်ငွေရင်း ကန်ဒေါ်လာ ဘီလျံ ၁၀၀ ဖြင့် ဖွဲ့စည်းတည်ထောင်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက စတင် အဆိုပြုခဲ့ပြီး ထိုသို့တည်ထောင်နိုင်ရေး နားလည်မှု စာချွန်လွှာကို ၂၀၁၄ အောက်တိုဘာ ၂၄ ရက်တွင် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံ ၂၁ နိုင်ငံတို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပီကင်းမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

အင်ဒိုနီးရှားနိုင်ငံကလည်း ပါဝင်လက်မှတ်ထိုးလာသဖြင့် မူလ တည်ထောင်သူ ၂၂ နိုင်ငံ ဖြစ်လာပြီး နောက်ပိုင်းတွင် အာရှဒေသ တွင်း ၃၇ နိုင်ငံနှင့် အခြားဒေသမှ ၂၀ နိုင်ငံတို့ပါဝင်လာကြသဖြင့် အဖွဲ့ဝင်၅၇ နိုင်ငံ ဖြစ်လာခဲ့ပြီးမတည်ငွေ ပမာဏလည်းတိုးမြှင့် လိုက်ရာ သတ်မှတ်ထည့်ဝင်ငွေပမာဏလည်း ယခင်ထက် ပိုလာခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags