ဧဒင် ဦးချစ်ခိုင်ပိုင် မြန်မာ့ရှေ့ဆောင်ဘဏ်က ဓနုဖြူမြို့နယ် တောင်သူများကို ပြည်တွင်းဘဏ်များအနက် ပထမဆုံး ငွေချေးပေး

ဧဒင် ဦးချစ်ခိုင်ပိုင် မြန်မာ့ရှေ့ဆောင်ဘဏ်က ဓနုဖြူမြို့နယ် တောင်သူများကို ပြည်တွင်းဘဏ်များအနက် ပထမဆုံး ငွေချေးပေး
  မြန်မာ့ရှေ့ဆောင်ဘဏ်က ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်တွင် ဇွန် ၆ ရက်က ချေးငွေ ထုတ်ချေးပေးစဉ်။ ဓာတ်ပုံ-စည်သူအောင်၊ မဇ္စျိမ

ဓနုဖြူ၊ ဇွန် ၈ ။  ။ မြန်မာနိုင်ငံ စီးပွားရေးလောကတွင် လူသိများသည့် ဧဒင်ကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင် ပိုင်မြန်မာ့ရှေ့ဆောင် ဘဏ်ကဓနုဖြူမြို့နယ်ရှိတောင်သူလယ်သမားများအတွက်နှစ်လတ်ချေးငွေကို ဇွန်လ၆ရက်ကပထမဆုံးအကြိမ် ကျပ်ငွေသိန်းပေါင်း ၆,၀၀၀ နီးပါးကို တောင်သူလယ်သမား ၂၇၀ ကျော်အတွက် ထုတ်ပေးပြီး စက်မှုလယ်ယာဖြင့် ထွန်ယက်စိုက်ပျိုးသောမြေအတွက် တစ်ဧကကို စက်ပစ္စည်း အသုံးပြုခကိုပါ ထည့်တွက်ပြီး ငွေကျပ်လေးသိန်း ထုတ်ချေးမည် ဖြစ်သည်။

ထို့အတူ မိရိုးဖလာ စိုက်ပျိုးမြေအတွက် တစ်ဧကကို ငွေကျပ် သုံးသိန်းရရှိမည် ဖြစ်သည်။“ မြန်မာ့ရှေ့ဆောင်ဘဏ် က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌကြီးပိုင်တဲ့ ဘဏ်လည်း ဖြစ်တဲ့အတွက် ဥက္ကဋ္ဌကြီးက သူ့ဘဏ်ကနေစပြီး လုပ်ခြင်းအားဖြင့် ကျန်တဲ့ ဘဏ်တွေပါ လိုက်ပြီးလုပ်မယ် ဆိုရင် တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးစရိတ် ချေးငွေနဲ့ တစ်ဘက်ကလည်း အခြေခံ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ကာလလတ်ချေးငွေတွေက လယ်ယာမြေတွေမှာ ပိုမိုကောင်းမွန်တဲ့ အစီအမံတွေ ဖြစ်လာမှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူးဖြစ်သူ ဦးရဲမင်းအောင်က ချေးငွေထောက် ပံ့ခြင်းနှင့် ပတ်သက်ပြီး မဇ္ဈိမကို ပြောသည်။

အဆိုပါ ချေးငွေကို နှစ်လတ် ချေးငွေအဖြစ် ၃ နှစ်အတွင်း တောင်သူများက ပြန်လည်ပေးဆပ်ရမည် ဖြစ်ပြီး ၅ ရစ်ခွဲ ပေးရမည်ဖြစ် သည်။ မြန်မာရှေ့ဆောင်ဘဏ် သည် မြန်မာနိုင်ငံ ပုဂ္ဂလိက ဘဏ်များအနက် ပထမဆုံး စိုက်စရိတ် ချေးငွေ ထုတ်ချေးခြင်းဖြစ် သည့်အပြင် ယခုချေးငွေများသည် စက်မှုလယ်ယာ ကူးပြောင်းရေးကဏ္ဍအတွက် များစွာ အထောက်အကူ ပြုနိုင်လိမ့်မည် ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူးဖြစ်သူ ဦးရဲမင်းအောင်က ဖြည့်စွက်ပြောဆိုသည်။

ဓနုဖြူမြို့နယ် အကျော်တိုက်နယ် (၂) အတွင်းရှိ လယ်သမား ဦးသိန်းထွန်းက အစိုးရထံမှ ရရှိသော စိုက်စရိတ် ချေးငွေအပြင် ယခု ပထမဆုံးရရှိသော ချေးငွေများအတွက် ပြန်လည်ပေးဆပ်ရမည့် အချိန်တွင် မျှော်မှန်း၍ မရသည့် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆုံးရံှုးမှုများ ဖြစ်လာမည်ကို စိုးရွံ့မိသည်ဟု မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ တာဝန်နှင့် ဓနုဖြူ အခြေပြု ဆန်စပါးကုမ္ပဏီဖြစ်သည့် ကဉ္စနကျွန်းသာကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင်က အဆိုပါ ချေးငွေများအတွက် ကုမ္ပဏီက အရံှုးခံ ထုတ်ချေးပေးနေ ရခြင်း ဖြစ်သည်ဟုလည်း ဇွန်လ ၆ ရက် က ပြုလုပ်သော ဓနုဖြူမြို့နယ် တောင်သူများအား ချေးငွေထောက်ပံ့ ပေးသည့် အခမ်းအနားတွင် ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် စိုက်ပျိုးမြေဧကပေါင်း ၁၃ သန်းကျော်ရှိနေပြီး ချေးငွေကဏ္ဍ၊ လယ်ယာမြေ ပိုင်ဆိုင်မှုကဏ္ဍများနှင့် ရာသီဥတု ဆိုးရွားမှု ကဏ္ဍများတွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်က နှစ်လတ်ချေးငွေ စီမံကိန်းကို ဓနုဖြူမြို့နယ်အတွင်း စတင် စမ်းသပ်ခြင်းဖြစ်ပြီး နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးများလည်း ဆောင်ရွက်သွား မည့်အပြင် ထိုရလဒ်များအပေါ် မူတည်ပြီး အခြားနေရာဒေသများ တွင်ပါ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly