ထားဝယ် အထူးစီးပွားရေးဇုန်အတွက် အတိုးသက်သာသော ချေးငွေ မရခဲ့လျှင် BOT ဖြင့် ဆောင်ရွက်မည်

ထားဝယ် အထူးစီးပွားရေးဇုန်အတွက် အတိုးသက်သာသော ချေးငွေ မရခဲ့လျှင် BOT ဖြင့် ဆောင်ရွက်မည်

နေပြည်တော်၊ ဇွန် ၂ ။     ။ ထားဝယ် အထူးစီးပွားရေးဇုန်၏ ကနဦး စီမံကိန်းတွင် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများသည့် နှစ်လမ်းသွား လမ်း (TWO LANE ROAD) တည်ဆောက်ရေးအတွက် ထိုင်းနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ တစ်ဆင့် အတိုးနှုန်းသက်သာသော ချေးငွေ (ODA LOAN) ဖြင့် ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးနေကြောင်း၊ ODA LOAN မရရှိပါက ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် BOT (BUILD, OPERATE AND TRANSFER) စနစ်ဖြင့် ဆောင်ရွက်သွားမည်ဟု အစိုးရအဖွဲ့က ယနေ့ပြည်သူ့လွတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“ကနဦး စီမံကိန်းအတွက် ODA LOAN ရယူပါက NEDA (NEIGHBOURING COUNTRIES ECONOMIC DEVELOPMENT COOPERATION AGENCY) မှ ODA LOAN ကို မြန်မာနိုင်ငံသို့ပေး၍ ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေး ကုမ္ပဏီများအား တင်ဒါခေါ်ယူ ရွေးချယ်တည်ဆောက်စေပြီး TWO-LANE ROAD CONCESSION AGREEMENT တွင် ODA LOAN ပြန်ဆပ်မည့် အစီအစဉ်များကိုပါ ထည့်သွင်းရေးဆွဲထားပါတယ်၊ ODA LOAN ရယူခြင်း မရှိပါက မူလရေးဆွဲ ညှိနှိုင်းထားသည့်အတိုင်း လုပ်ငန်းဆောင်ရွက်သူက BOT စနစ်ဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟံစိန်က ပျော်ဘွယ်မြို့နယ်အမတ် ဦးမြင့်စိုး၏ အမေးကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်အကောင်အထည်ဖော်ခဲ့သည့် အကြီးဆုံး အထူးစီးပွားရေးဇုန် ဖြစ်သော်လည်း အီတာလျံ-ထိုင်း ကုမ္ပဏီတစ်ခု တည်းဖြင့်သာ ရင်းနှီး တည်ဆောက်သူ (DEVELOPER) အဖြစ် မူဘောင် သဘောတူစာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ မရတော့ခြင်း၊ ဘဏ်များအပါအဝင် ငွေကြေးအဖွဲ့အစည်းများမှ ဘဏ္ဍာငွေ မရရှိခြင်းတို့ကြောင့် လုပ်ငန်းများ နှောင့်နှေးပြီး လျာထားချက်အတိုင်း မပြီးရခြင်း ဖြစ်ကြောင်းလည်း ဝန်ကြီးက ရှင်းပြသည်။

“ဒါကြောင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရတွေက နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပြီး ပူးတွဲ အဆင့်မြင့် ကော်မတီ၊ ပူးတွဲလုပ်ငန်း ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ အီတာလျံ-ထိုင်းနှင့် စာချုပ်ကို ဖျက်သိမ်း၍ ထားဝယ်အထူးစီးပွားရေးဇုန်ကို ပင်မစီမံကိန်း(FULL PHASE)နှင့် ကနဦး စီမံကိန်း (INITIAL PHASE) ဟု ခွဲပြီး ဆောင်ရွက်စီမံခဲ့ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ရှင်းပြသည်။

အဆိုပါ စီမံကိန်းများအတွက် မြန်မာ၊ ထိုင်းသာမက နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံကို မဟာဗျူဟာမြောက် မိတ်ဘက်နိုင်ငံအဖြစ်ပါဝင်ရန် ၂၀၁၃ ဧပြီ ၂၄ ရက်တွင် ဖိတ်စာပေးပို့ခဲ့ကြောင်း၊ သို့ရာတွင် ဂျပန်နိုင်ငံသည် ကနဦး စီမံကိန်းထက် ပင်မ စီမံကိန်းလုပ်ငန်းများကို ပိုမိုစိတ်ဝင်စားသဖြင့် အဆိုပါ ပင်မ လုပ်ငန်းများတွင် ပါဝင်သည့် သုတေသန လုပ်ငန်း၊ အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ မဟာဗျူဟာ စီမံကိန်း ရေးဆွဲရေးလုပ်ငန်း စသည်တို့တွင် ပါဝင်ဆောင်ရွက်လျက် ရှိကြောင်းလည်း ဝန်ကြီးက ရှင်းပြသည်။

ထို့အပြင် ထားဝယ် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး ဆောင်ရွက်နေမှုများကို ပြည်သူတို့သိရှိလိုပါက ဆရာဝေယံမောင်၊ ဆရာမ မြတ်သန္တာမောင်တို့ရေးသားသော ဆောင်းပါးများ ပါဝင်သည့် ကြေးမုံ သတင်းစာနှင့် မြန်မာ့အလင်း သတင်းစာတို့ကို ဖတ်ရှုရန် ဒုတိယဝန်ကြီး ဦးဟံစိန်က ရည်ညွှန်း ဖြေကြားခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly