ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ယခင် လျာထားသည့် အိမ်ရာ စီမံကိန်း မပါဝင်တော့

ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ယခင် လျာထားသည့် အိမ်ရာ စီမံကိန်း မပါဝင်တော့

ရန်ကုန်၊ ဇွန် ၂ ။      ။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးတွင် မူလက အိမ်ရာစီမံကိန်းများ ထည့်သွင်းရန် လျာထားသော်လည်း တင်ဒါတင်ရာ ကုမ္ပဏီများ၏ စံနှုန်းလိုအပ်ချက်များကြောင့် အိမ်ယာ စီမံကိန်းမှာ လတ်တလောတွင် မပါဝင်နိုင်သေးဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ရေးနှင့် တင်ဒါ ရွေးချယ်ရေး ကော်မတီ အဖွဲ့ဝင် ဦးဘရွှေက မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည့် ဧက လေးထောင်ကျော်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ စက်မှုဇုန် စီမံကိန်းနှင့် အိမ်ရာ စီမံကိန်းတို့ ပါဝင်လုပ်ကိုင်ရန် တင်ဒါ ခေါ်ခဲ့သော်လည်း လက်ရှိတွင် အိမ်ရာစီမံကိန်း ပါဝင်တော့မည် မဟုတ်ပေ။

"တင်ဒါတင်တဲ့ ကုမ္ပဏီတွေရဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ စံနှုန်းတွေကို လိုအပ်ချက် နည်းနည်းရှိတဲ့ အတွက် ဒါကို လောလောဆယ် ရွှေ့ဆိုင်းထားတယ်။ ရေနက် ဆိပ်ကမ်းနဲ့ စက်မှုဇုန်ကိုပဲ ဦးစားပေး လုပ်ဖို့ ဖြစ်သွားတယ်ပေါ့" ဟု ဦးဘရွှေက ပြောသည်။

အိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီး ၎င်းက ဆက်၍ "အိမ်ရာစီမံကိန်းအတွက် နိုင်ငံတကာ အဆင့်မီ ကွန်ဒိုတွေ၊ အထပ်မြင့်တွေ၊ လုံးချင်းတွေပါဖို့ လျာထားတာပေါ့။ ဒါပေမယ့် တင်တဲ့အခါ မှာတော့ ကျွန်တော်တို့ သတ်မှတ်တဲ့ စံနှုန်းတွေကို မကိုက်ညီဘူး။ ဘယ်လိုအခြေအနေလဲ ဆိုတာတော့ တင်ဒါအောင်တဲ့ ကုမ္ပဏီကို ကြေညာမှပဲ ပြောနိုင်မှာပါ" ဟု ဆိုသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန် နှင့် အိမ်ရာစီမံကိန်းများ အတွက် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအုပ်စု ၁၂ ခုက တင်ဒါ တင်ခဲ့ခြင်းဖြစ်သည်။
ထိုတင်ဒါများကို ၂၀၁၄ ဒီဇင်ဘာတွင် ကြေညာရန် သတ်မှတ်ခဲ့သော်လည်း ဆွေးနွေးရွေးချယ်မှု မပြီးပြတ်ခြင်းကြောင့် ၂၀၁၅ ဇွန်လ ကုန်တွင်သာ ကြေညာနိုင်မည် ဟု ဆိုသည်။

လက်ရှိတွင် ထိုဒေသတွင်း လျှပ်စစ်မီးရရှိရေး၊ ကျောက်ဖြူ - မဒေးကျွန်း လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသတွင်း ရေ ရရှိရေးလုပ်ငန်းများကို ပြည်နယ်အစိုးရက ဆောက်လုပ်ရေး ဝန်ကြီးဌာနက စီမံဆောင်ရွက် လျက်ရှိသည် ဟု ဆိုသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ပါဝင်မည့် ဧက လေးထောင်ကျော်တွင် မဒေးကျွန်းအုပ်စုမှာ ကျေးရွာ သုံးရွာ ပါဝင်မည်ဟု ဆိုသည်။

"အနီးက ရွာနှစ်ရွာ သုံးရွာ အိမ်ခြေ အတိအကျတော့ မသိသေးဘူး။ တကယ်လို့ ပါခဲ့မယ်ဆိုရင်လည်း ဒေသခံတွေ ကျေနပ်တဲ့ နှုန်းထားဖြစ်အောင် စီစဉ်ပေးမှာပါ" ဟု ဦးဘရွှေက ပြောသည်။ ကျောက်ဖြူ စီးပွားရေး ဇုန် အကောင်အထည် ဖော်ရေးအတွက် ဒေသခံများက ဧက တစ်ထောင်သာပါဝင်မည် ဟု သိထားပြီး ယင်းအနက် ဧက ရှစ်ရာမှာ ဒေသခံတို့၏ လယ်ယာမြေများ ဖြစ်နေသည် ဟု ကျောက်ဖြူ ဒေသဖွံ့ဖြိုးရေး ကော်မတီ (မဒေးကျွန်း) အဖွဲ့ဝင် ဦးထွန်းကြည်က ပြောသည်။

ထိုစီမံကိန်းနှင့် ပတ်သက်၍ ဦးထွန်းကြည်က "ဒေသခံတွေကတော့ ကြိုဆိုကြတယ်၊ ဒါပေမယ့် လျော်ကြေးပေးတဲ့ နေရာမှာ လျော်ကြေးပေးတာကို ကြားက ဖြတ်ယူပြီး လယ်သမားတွေကို အပြည့် မပေးတာမျိုးတွေ မဖြစ်ဖို့လိုတယ် "ဟု ဆိုသည်။ အထူးစီးပွားရေးဇုန် လျာထားဧရိယာသည် ယခင်က ကျောက်ဖြူမြို့ အနောက်ဘက် ဆယ့်သုံးမိုင် အကွာတွင် လျာထားခဲ့ခြင်းဖြစ် ပြီးထိုနေရာတွင် ရွှံ့မီးတောင် ပေါက်ကွဲမှုကြောင့် ကျောက်ဖြူမြို့ တစ်ဘက်ကမ်းရှိ မဒေးကျွန်းသို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly