တရုတ် ဝယ်လိုအားကြောင့် မြေပဲဆန်စျေးနှုန်း ပြန်လည်မြင့်တက်

တရုတ် ဝယ်လိုအားကြောင့် မြေပဲဆန်စျေးနှုန်း ပြန်လည်မြင့်တက်
မြေပဲဆီ ထုတ်လုပ်သည့် စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသူအား တွေ့ရစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ)။ ။ တရုတ် ဝယ်လိုအားကြောင့် မြေပဲဆန်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာနေသည်ဟု ဘုရင့်နောင်ပွဲရုံ အခြေစိုက် ပဲကုန်သည်များနှင့် ပဲဆီရောင်းဝယ်ရေး လုပ်ငန်းရှင်များက ပြောဆိုသည်။

“မြေပဲကတရုတ်ပဲ အဓိက ဝယ်တာပါ၊ ဒီနှစ် သူတို့ဈေးကွက် လိုအပ်ချက်ကြောင့် ပြန်ဝယ်တယ်ထင်တယ်၊ တရုတ်က မဝယ်တာကြာပြီ ဒီနှစ်မှပြန်ဝယ်ပေမယ့် ဒီဘက်မှာ မြေပဲလက်ကျန် သိပ်ရှိတာမဟုတ်ဘူး” ဟု ပဲပို့ကုန်လုပ်ငန်းရှင် ဦးမင်းဇော်က ပြောသည်။

တရုတ်ဝယ်လိုအားကြောင့် ယခင်နှစ် မြေပဲဆန် တစ်ပိဿာ ၁၆၀၀ ကျပ်ဝန်းကျင်သာ ရှိရာမှ ယခုနှစ်တွင် ၂၈၀၀ ကျပ် ဝန်းကျင်အထိ မြင်တက်လာခဲ့သည်ဟု ဘုရင့်နောင်အခြေစိုက် ပဲကုန်သည်များက ပြောသည်။

ဆီစက်လုပ်ငန်းရှင်များနှင့် တရုတ်ဝယ်လက်များကြောင့် မြေပဲဆန်ဈေးနှုန်း မြင့်တက်သော်လည်း ယခုနှစ်ပဲစိုက် တောင်သူအများစုမှာ ဈေးကွက်သေချာသည့် မတ်ပဲနှင့် ပဲစဉ်ငုံ ပြောင်းလဲစိုက်ပျိုးခြင်းကြောင့် မြေပဲအထွက် နည်းပါးသည်ဟု ဆီကုန်သည်များက ပြောသည်။

ရွှေဘိုဆီစက် လုပ်ငန်းရှင် ဦးတာက “အရင်နှစ်တွေမှာ တရုတ်က မြေပဲဆန် သိပ်မဝယ်တော့ စိုက်တောင်သူတွေ ဈေးကောင်းရတဲ့ ဟာတွေ ပြောင်းစိုက်တယ်၊ မြေပဲစိုက်ဧက အရင်နှစ်တွေနဲ့ယှဉ်ရင် ၅ ရာခိုင်နှုန်းလောက်ပဲရှိတော့ မြေပဲဆန်ဈေးတက်တာ မဆန်းပါဘူး” ဟု ပြောသည်။

ဈေးကွက်အတွင်း မြေပဲဆန်ဈေးနှုန်း မြင့်တက်မှုကြောင့် ပဲဆီဈေးနှုန်းများ ပါလိုက်ပါ မြင့်တက်နေသည်ဟုလည်း ဆိုသည်။

မြေပဲဆီကြိတ်ခွဲရာတွင် ပဲဆန်အကျိုးအကျေကိုသာ အသုံးပြုသော်လည်း မူလပဲဆန်ဈေးနှုန်း မြင့်တက်နေခြင်း ပဲဆီဈေးနှုန်းများ လိုက်ပါမြင့်တက်ခဲ့ပြီး ယခင်တစ်ပိဿာ ၃၀၀၀ ဝန်းကျင်သာရှိရာမှ ယခုမေလဆန်းပိုင်းတွင် တစ်ပိသာ ၄၅၀၀ ကျပ်အထိ ရှိနေသည်ဟု ဘုရင်နောင် အခြေစိုက် နှင်းသဇင် ပဲဆီ၊ နှမ်းဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်က ပြောသည်။

လက်ရှိအချိန်တွင် တရုတ်နယ်စပ်သို့ နေ့စဉ်မြေပဲဆန် ၃၅ တန် ဝန်းကျင်အထိ တင်ပို့နေသည်ဟု ဘုရင့်နောင် ကုန်စည်ဒိုင် လုပ်ငန်းရှင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly