အမေရိကန် အိမ်ခြံမြေများကို အများဆုံး ဝယ်ယူသည့် နိုင်ငံခြားဝယ်လက်များမှာ တရုတ်လူမျိုးများဖြစ်

အမေရိကန် အိမ်ခြံမြေများကို အများဆုံး ဝယ်ယူသည့် နိုင်ငံခြားဝယ်လက်များမှာ တရုတ်လူမျိုးများဖြစ်
ဖလော်ရီဒါ မိုင်ယာမီမှ ရောင်းရန် ဆိုင်းဘုတ်တင်ထားသည့် အိမ်တစ်လုံးကို တွေ့ရစဉ်။ (ဓာတ်ပုံ - China Daily)

ချိုင်းနား ဒေးလ်လီး (ပေကျင်း)။ ။ ဗုဒ္ဓဟူးနေ့က Bloomberg ၏ သတင်းပို့ချက်အရ  တရုတ်က ကနေဒါကို ကျော်ဖြတ်ပြီး အမေရိကန် အိမ်ခြံမြေတွေကို အကြီးမားဆုံး နိုင်ငံခြားဝယ်ယူသူ ဖြစ်လာခဲ့ပြီး တရုတ်၏ နိုင်ငံတကာ အသုံးစရိတ် အားလုံး၏ ၄ ပုံ ၁ ပုံကျော်အထိ ရှိလာခဲ့သည်။

အမေရိကန်ပြည်ထောင်စု အမျိုးသား အိမ်ခြံမြေ အကျိုးဆောင်အသင်းကြီး၏ သုတေသနအရ တရုတ်ဝယ်လက်များက အမေရိကန် အိမ်ခြံမြေဈေးကွက်တွင် ကန်ဒေါ်လာ ၂၈ ဒသမ ၆ဘီလီယံ သုံးစွဲခဲ့သော ကြောင့် ၁၂ လတာအတွင်း နိုင်ငံခြားသားများနှင့် အရောင်းအဝယ် အားလုံး၏ ၁၆ ရာခိုင်နှုန်းအထိ ရှိသည်။

၂၀၀၈ ခုနှစ်ကတည်းက နိုင်ငံတကာ အိမ်ခြံမြေဝယ်ယူမှုတွင် ထိပ်ဆုံးက ဦးဆောင်နေခဲ့သည့် ကနေဒါ လူမျိုးများက အသုံးစရိတ် ၁၁ ဒသမ ၂ ဘီလီယံဖြင့် ဒုတိယနေရာသာ ရှိနေခဲ့ပြီ၊ အိမ်ခြံမြေအရောင်း အားလုံး ၏ ၁၄ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

အိန္ဒိယက အသုံးစရိတ် ၇ ဒသမ ၉ ဘီလီယံဖြင့် တတိယအကြီးမားဆုံး နိုင်ငံခြားဝယ်လက် ဖြစ်ပြီး ၎င်း၏နောက်တွင် မက္ကဆီကိုက ၄ ဒသမ ၉ ဘီလီယံဖြင့် စတုတ္ထလိုက်နေသည်ဟု သုတေသန အစီရင်ခံစာက ဖော်ပြသည်။ ယင်းစစ်တမ်းက ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးမှ ဝယ်လက်များကို အုပ်စုတစ်စုအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အရောင်းအဝယ် အရေအတွက်အားဖြင့် ကြည့်ပါက နိုင်ငံခြားဝယ်လက်များထံသို့ အမေရိကန် အိမ်ခြံမြေ ရောင်းချရမှုမှာ ၁၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ဒေါ်လာငွေ မာလာမှုက နိုင်ငံခြား ဝယ်လိုအားကို ထိခိုက်စေကြောင်း ညွှန်ပြလျက်ရှိသည်။ ဒေါ်လာငွေဖြင့် ဝယ်ယူမှုက ကန်ဒေါ်လာ ၁၀၄ ဘီလီယံအထိ ရှိခဲ့သဖြင့် တစ်နှစ်အလွန်က ခန့်မှန်းချက် ကန်ဒေါ်လာ ၉၂ ဒသမ ၂ ဘီလီယံမှ မြင့်တက်လာခဲြ့ခင်း ဖြစ်သည်။  

ဖလော်ရီဒါ၊ ကယ်လီဖိုးနီးယား၊ တက္ကဆက်နဲ့ အရီဇိုးနားပြည်နယ်များက နိုင်ငံတကာ ဝယ်လက် အားလုံး၏ တစ်ဝက်ကျော်ကို ဆွဲဆောင်ထားသည်ဟု ဆိုသည်။ ကနေဒါနိုင်ငံသားများက ပူနွေးသည့် ရာသီဥတုရှိရာ ဖလော်ရီဒါနှင့် အရီဇိုးနားတို့ကို တိမ်းညွှတ်ကြပြီး တရုတ်ဝယ်လက်များက အာရှနှင့် နီးစပ်သည့် ဝက်စ်ကို့ (West Coast)ကို ဦးတည်သွားကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly