ရေနံအခွန် ကျဆင်းလာသော်လည်း ဗီယက်နမ် အခွန်ဝင်ငွေ တိုးတက်မြင့်မားလာ

ရေနံအခွန် ကျဆင်းလာသော်လည်း ဗီယက်နမ် အခွန်ဝင်ငွေ တိုးတက်မြင့်မားလာ
ဟိုချီမင်းမြို့တော် အခွန်ဌာနတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ-Viet Nam News

ဟနွိုင်း၊ ဇွန် ၁၀ ။       ။ အထွေထွေ အခွန်ဌာန၏ ပြောကြားချက်အရ ရေနံမှ စည်းကြပ်ရရှိသည့် အခွန်ငွေတွင် ကျဆင်းမှု ရှိခဲ့သော်လည်း နိုင်ငံ၏ အခွန်ဝင်ငွေမှာ ယခုနှစ်၏ ပထမ ၅ လတွင် ဆက်လက် ကြီးထွားနေခဲ့သည်။

ယင်းကာလ အပိုင်းအခြားအတွင်း ပြည်တွင်း အခွန်ကောက်ယူမှု ပမာဏမှာ စုစုပေါင်း ဗီယက်နမ်ဒေါင် ၂၈၃ ဒသမ ၂ ထရီလီယံ (ကန်ဒေါ်လာ ၁၃ ဘီလီယံ)အထိ ရှိမည်ဟု ခန့်မှန်းထား သောကြောင့် ယမန်နှစ် အလားတူ ကာလကထက် ၁၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

သို့သော်လည်း ရေနံမှ စည်းကြပ်ရရှိသည့် အခွန်မှာမူ ယမန်နှစ် အလားတူ ကာလထက် ၃၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ဗီယက်နမ်ဒေါင် ၃၀ ဒသမ ၃ ထရီလီယံ(ကန်ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံ)သာ ရရှိခဲ့သောကြောင့် တစ်နှစ်လုံး လျာထားချက်၏ ၃၂ ဒသမ ၆ ရာခိုင်နှုန်းသာလျှင် ပြည့်မီခဲ့သည်။

တစ်ချိန်တည်းမှာပင် ပထမ ၅ လအတွင်း အခြားပို့ကုန်၊ သွင်းကုန်လုပ်ငန်းများမှ စည်းကြပ် ရရှိခဲ့သည့် အခွန်မှာ နှစ်စဉ် ၆ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့သောကြောင့် ဗီယက်နမ်ဒေါင် ၆၆ ထရီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၀၃ ဘီလီယံ)အထိ ရောက်ရှိလာ ခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ပြည်တွင်းစီးပွားရေးမှာ အပေါင်းလက္ခဏာ ဆောင်လာခဲ့သော်လည်း အခွန်စည်း ကြပ်မှုကို ထိခိုက်စေနိုင်သည့် အခက်အခဲများကို ရင်ဆိုင်နေရဆဲဖြစ်သည်။

ထို့ကြောင့် ဝန်ကြီးဌာနသည် နှစ်စဉ်လျာထားချက် ပြည့်မီရေး အခွန်စည်းကြပ်မှုကို စီမံခန့်ခွဲနိုင်ရန် မဝေးလှသည့် အနာဂတ်တွင် စီးပွားရေးဖွံ့ဖြိုးမှုကို အမှီလိုက်မည်ဟု ဆိုသည်။     အခွန်ဝင်ငွေ တိုးတက်လာစေရန် တစ်သီးပုဂ္ဂလနှင့် ကော်ပိုရေးရှင်းများကို အခွန်ရှောင်မှုမှ တားဆီးနိုင်မည့် နည်းလမ်းများကို ဝန်ကြီးဌာနက အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

အထွေထွေ အခွန်ဌာနက အခွန်ဝင်ငွေ ပိုမိုတိုးတက် ကောက်ခံရရှိရေး အခွန်ဆောင် မဆောင် စစ်ဆေးမှုများကို မြှင့်တင်ရန် လိုအပ်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly