မွေးရာပါတစ်ကိုယ်လုံးဖြူနေသည့် မိန်းကလေးအား အောက်လမ်းနည်း စီရင်ရန်အတွက် ရောင်းစား

မွေးရာပါတစ်ကိုယ်လုံးဖြူနေသည့် မိန်းကလေးအား အောက်လမ်းနည်း စီရင်ရန်အတွက် ရောင်းစား

တန်ဇန်းနီးယားနိုင်ငံတွင် သမင်ဖြူ (မွေးရာပါတစ်ကိုယ်လုံးဖြူနေခြင်း-albino)ရောဂါဖြစ်နေသည့် ခြောက်နှစ်သမီးအရွယ် ကလေး မလေးကို မှော်ဆေးစီရင်သူထံ ဦးလေးအရင်းဖြစ်သူက ရောင်းစားရန်ကြိုးစားခဲ့မှုှုဖြစ်ပွားခဲ့သည်။

ကလေးမလေး၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြင့် ချမ်းသာခြင်းနှင့် ကံအလွန်ကောင်းခြင်းရရှိရန် အတွက်မှော်အောက် လမ်းနည်း သုံးဆေး စီရင်ဖွယ်ရှိသည့်အတွက် ရောင်းစားနိုင်ခဲ့ပါက ယင်းကလေးမလေးကို သတ်ဖြတ်ကာ ကိုယ်အင်္ဂါများ ထုတ်ယူခံရဖွယ် ရာရှိနေရာမှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံမြောက်ပိုင်းတွင် မိခင်နှင့် မောင်နှမသုံးဦးဖြင့်အတူနေထိုင်သည့် သမင်ဖြူရောဂါသည်လေး မာဂါရတ်ခါမိကို မျက်နှာဖုံးစွပ်လူ တစ်စုက ပြီးခဲ့သည့်သီတင်းပတ်က ညပိုင်းဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ပြန်ပေးဆွဲဖမ်းဆီးသွားရာနောက် ကျေးရွာသားများက အပူတပြင်းလိုက်လံရှာဖွေသော်လည်း တွေ့ရှိခဲ့ခြင်းမရှိပေ။ ရှာဖွေသူများ စိတ်တွင် အယူစွဲဓလေ့များအရ မာဂါရတ်ကို ဖမ်းဆီးသွားသူများက သတ်ဖြတ်မည်မှာ မလွဲဖြစ်ကြောင်း စိတ်ပူပန်ခဲ့ရသည်။

တန်ဇန်းနီးယားနိုင်ငံတွင်းရှိဒေသများစွာတွင် ယင်းသို့ albino ရောဂါရှိသူများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြင့် မှော်ဆေး စီရင်ကာ ချမ်းသာအောင်စွမ်းနိုင်သည်ဆိုသည့် အောက်လမ်းအယူအဆများရှိနေရာ ၎င်းတို့ကို ပြန်ပေးဆွဲသတ်ဖြတ်ခြင်းများ ရှိနေသည်။

တစ်ကိုယ်လုံးဖြူနေသည့်သူတစ်ဦးကို ရောင်းစားလျှင် ပေါင် ၅၀၀၀၀(အမေရိကန်ဒေါ်လာ ၇၅၀၀၀) ဝန်းကျင်ရရှိနိုင်ကာ အရောင်းအဝယ်ဖြစ်နေသည်ဟု သိရသည်။

သို့သော်လည်း အခြား albino ရောဂါသည်လေးများ၏ ကံကြမ္မာနှင့်မတူဘဲ မာဂါရတ်မှာ ရောင်းစားခံရမည့် အသက်ဘေးမှ လွတ်မြောက်လာခဲ့ရသည်။ သတင်းပေးချက်က ရဲကလိုက်လံရာမှ မာဂါရတ်ကို ဒေါ်လာဖြင့် ရောင်းစားရန် ကြိုးစာနေသူလက် တွင်းမှ ကယ်တင်လိုက်နိုင်ခြင်းဖြစ်သည်။

ရဲများက ရောင်းစားရန်ကြိုးစားသူကို ဝယ်လက်အနေဖြင့် ဟန်ဆောင်ကာ လက်ပူးလက်ကြပ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

”ကျွန်တော်တို့ သတင်းကြားသိချင်း ချက်ချင်းပဲ အဲဒီ့နောက် လိုက်တော့တာပါ။ နောက်တော့ ထောင်ဖမ်းခဲ့တာပဲဖြစ်ပါတယ်။”ဟု ရဲမှူးဖြစ်သူ ဂျူမီဘီဝါးကပြောသည်။

တရားခံဖြစ်သူကို ဖမ်းမိချိန်တွင် တုန်လှုပ်စရာကြုံတွေ့ရသည်မှာ မာဂါရတ်ကို ရောင်းစားဖို့လုပ်ဆောင်နေသူမှာ အသက် ၄၄ နှစ်ရှိ မာဂါရတ်၏ ဦးလေးအရင်းကိုယ်တိုင်ဖြစ်နေခြင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

မာဂါရတ်ကို ပြန်လည်တွေ့ရှိပြီးနောက် မိသားစုထံအပ်နှံနိုင်ခဲ့ရာ သူမ၏ မိခင် ဂျိုင်းစီမန်ဒူသည်လည်း albino ရောဂါသည်တစ်ဦး လည်းဖြစ်သည်။ မာဂါရတ်မှာ ဖမ်းဆီးပြန်ပေးဆွဲမှုခံရသော်လည်း တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ပေ။

တန်ဇန်းနီးယားအနောက်မြောက်ပိုင်းတွင် အသက် ၁၅ နှစ်အရွယ်ရှိ ကူဝါဆိုသူ albino ရောဂါသည်မိန်းကလေးတစ်ဦးကို လူငါး ဦးကအိမ်အတွင်းဝင်ရောက်ပြန်ပေးဆွဲသွားကာ လက်မောင်းတစ်ဖက်ကို ဖြတ်ယူသွားခဲ့သည်။ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့်ကူဝါ သည် အသက်မသေသော်လည်း ဒုက္ခိတတစ်ဦးဖြစ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly