တောင်တက်ကမ္ဘာလှည့် ခရီးသည်များ ကိုယ်တုံးလုံးပုံ ရိုက်ခဲ့၍ ငလျင်လှုပ်ခြင်းဖြစ်ဟု မလေးရှား တာဝန်ရှိသူက အပြစ်ပြော

တောင်တက်ကမ္ဘာလှည့် ခရီးသည်များ ကိုယ်တုံးလုံးပုံ ရိုက်ခဲ့၍ ငလျင်လှုပ်ခြင်းဖြစ်ဟု မလေးရှား တာဝန်ရှိသူက အပြစ်ပြော
မလေးရှားရှိ တောင်ထိပ်တွင် ကမ္ဘာလှည့် ခရီးသည်များ ကိုယ်တုံးလုံးချွတ် ဓာတ်ပုံအရိုက်ခံနေစဉ်။ ဓာတ်ပုံု-Daily Mail

ကွာလာလမ်ပူ၊ ဇွန် ၁၀ ။        ။ မလေးရှားနိုင်ငံက ကီနာဘူလူတောင်တွင် အသေအပျောက်များသည့် ငလျင်လှုပ်ခဲ့ခြင်း တွင် တောင်တက် ကမ္ဘာလှည့်သွားတစ်စုက တောင်ပေါ်တွင် မဖွယ်မရာ ကိုယ်တုံးလုံးဖြင့် ဓာတ်ပုံများ ရိုက်ခဲ့၍ ဖြစ်ကြောင်း မလေးရှား တာဝန်ရှိသူတစ်ဦးက စွပ်စွဲပြောကြားလိုက်သည်။

အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင် တစ်တောင်ဖြစ်သည့် ယင်းတောင်အနီး ပြင်းအား ရစ်ချ်တာစကေး ၆ အဆင့်ရှိ ငလျင်လှုပ်၍ ကျောင်းနေအရွယ် ကလေးငယ်များ အပါအဝင် တောင်တက်သမား ၁၆ ဦးသေဆုံးသည်။ ကယ်ဆယ်ရေးဝန်ထမ်းများက နောက်ထပ်သေဆုံးသူ ရုပ်အလောင်းများကို ရှာဖွေနေဆဲဖြစ်သည်။

ထိုသို့ လူသေဆုံးမှုများသည့် ဝမ်းနည်းဖွယ် ငလျင်လှုပ်မှုသည် မကြာသေးမီက တောင်ထိပ်၌ အနောက်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားတစ်စုက ကိုယ်တုံးလုံးပုံ ရိုက်ခဲ့မှုနဲ့ ဆက်စပ်ကြောင်း ဆာဘား ပြည်နယ် လက်ထောက်ဝန်ကြီးချုပ် ဂျိုးဆက်ပိုင်ရင်ကီတင်ဂန်က ပြောခဲ့ခြင်းဖြစ်သည်။

ကိုယ်အပေါ်ပိုင်း ဝတ်လစ်စလစ်ဖြင့် ယင်းတောင်တက်အုပ်စု၏ ဓာတ်ပုံသည် အွန်လိုင်းပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။ မစ္စတာ ဂျိုးဆက်က တောင်စောင့်နတ် များကို ယင်းခရီးသည်များက စိတ်ဆိုးအောင် လုပ်လိုက်ခြင်းဖြစ်သည်ဟု ပြောခဲ့သည်။

``သူတို့အုပ်စုရဲ့ လုပ်ရပ်ကြောင့် ကျွန်တော်တို့လို ဒေသခံတွေ စိုးရိမ်စိတ်တွေ ဖြစ်ခဲ့ရတာကို ငလျင်က သက်သေသက္ကာယ ပြလိုက်တာပါပဲ။ ဓလေ့ထုံးတမ်းတွေကို မပစ်ပယ်ကောင်းပါဘူး။ ဒီလို ဝမ်းနည်းဖွယ် အဖြစ်အပျက်ကို ကျွန်တော်တို့တွေ ကြုံတွေ့လိုက်ရတာပေါ့”ဟု ၎င်းက ပြောသည်။

ငလျင်မလှုပ်မီ တစ်ရက်က ငှက်အုပ်များ ဝိုင်းပတ်ပျံသန်းနေသည်ကို နာရီဝက်ခန့် တွေ့ရကြောင်း၊ နိမိတ်မကောင်းသည့် လက္ခဏာတစ်ရပ်ပင်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly