မိန်းကလေးများကို စီးကရက်နှင့်ပင် လဲလှယ်ကာ အိုင်အက်စ်တို့က ရောင်းစားလျက်ရှိ

မိန်းကလေးများကို စီးကရက်နှင့်ပင် လဲလှယ်ကာ အိုင်အက်စ်တို့က ရောင်းစားလျက်ရှိ
လိင်အကြမ်းဖက်မှုဆိုင်ရာ ကုလသံတမန် ဇိုင်နက်ဘန်ဂူရာ။ ဓာတ်ပုံ-ပရက်စ်တီဗီ

ကုလသမဂ္ဂ၊ ဇွန် ၉ ။        ။ အိုင်အက်စ်တို့က ၎င်းတို့ ဖမ်းဆီးပြန်ပေးဆွဲထားသည့် ဆယ်ကျော်သက် မိန်းကလေးငယ်များကို စီးကရက်ဘူး တစ်ဘူးအတွက်နှင့်ပင် ကျွန်ဈေးကွက်၌ ရောင်းစားလျက်ရှိနေကြောင်း ကုလသမဂ္ဂ လိင်အကြမ်းဖက်မှုဆိုင်ရာ သံတမန်တစ်ဦးက ပြောသည်။

”အမျိုးသမီး အဖွဲ့အစည်းအပေါ်မှာ တိုက်ခိုက်ထိုးနှက်ခံနေရတဲ့ စစ်ပွဲတစ်ရပ်ပါပဲ”ဟု သံတမန် ဇိုင်နက်ဘ်ဘန်ဂူရာက ပြောသည်။ ဇိုင်နက်ဘ်က အီရတ်နှင့် ဆီးရီးယားတို့အပြင် အိမ်နီးချင်း တူရကီ၊ လက်ဘနွန်နှင့် ဂျော်ဒန်တို့ရှိ ဆီးရီးယား ဒုက္ခသည်စခန်းများသို့ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး အိုင်အက်စ် သိမ်းပိုက်နယ်မြေများမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည့် အမျိုးသမီး ဒုက္ခသည် များကို စကားပြောဆိုခဲ့ခြင်း ဖြစ်သည်။

”အိုင်အက်စ်တွေက သူတို့သိမ်းပိုက်ထားရာ နယ်မြေဒေသတွေမှာ အမျိုးသမီးတွေကို သွေးဆောင်ဖမ်းဆီးသွားကြတယ်။ ဒါက သူတို့အတွက် လူသစ်စုဆောင်းတာ မဟုတ်ဘူး။ မိန်းကလေးသစ်တွေကို လိုချင်ကြလို့သာဖြစ်တယ်” ဟု နိုင်ငံခြား ကျောထောက်နောက်ခံ ပြုလျက်ရှိသည့် အိုင်အက်စ်တို့ ကျုးလွန်သည့် ယုတ်မာရက်စက်မှုများ ကို အေအက်ဖ်ပီ သတင်းနှင့် အင်တာဗျူးရာတွင် ဇိုင်နက်ဘ်က ဖြေကြားသည်။

မိန်းကလေးတွေကို စီးကရက်တစ်ဘူး တစ်တောင့်အတွက် သို့မဟုတ်လျှင် ဒေါ်လာ ရာထောင်လောက်နှင့် လည်းရောင်း စားနေကြောင်း ၎င်းက ပြောသည်။

ထို့ပြင် အိုင်အက်စ်တို့က အမျိုးသမီးများကို ဖမ်းဆီးပြန်ပေးဆွဲကြခြင်းမှာ ၎င်းတို့ နိုင်ငံရပ်ခြားက လူသစ်စုဆောင်းနိုင်ရေး မဟာဗျူဟာ၏ အဓိက မက်လုံးဆွဲဆောင်ရာလည်းဖြစ်ကြောင်း ကုလသမဂ္ဂ သံတမန်က ထပ်လောင်းပြောသည်။ ပြီးခဲ့သည့် ၁၈ လအတွင်း ဆီးရီးယားနှင့် အီရတ်သို့ အိုင်အက်စ်အဖွဲ့သို့ ဆက်သွယ်ဝင်ရောက်သည့် နိုင်ငံခြားသားဦးရေ စံချိန်တင် များပြားခဲ့ သည်။