နီပေါ ခြေလျင်တောင်တက် ရွာကလေးတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပြန်လည်စတင် ရုပ်အလောင်း ၅၃ လောင်း ထပ်မံတွေ့ရှိ

နီပေါ ခြေလျင်တောင်တက် ရွာကလေးတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပြန်လည်စတင် ရုပ်အလောင်း ၅၃ လောင်း ထပ်မံတွေ့ရှိ
ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နီပေါ စစ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ-ရိုက်တာ

ခတ္တမန္ဒူ၊ ဧပြီ ၈ ။        ။ နီပေါ စစ်သားများနှင့် ရဲများမှာ တနင်္လာနေ့က နောက်ထပ်သေဆုံးသူများကို ရှာဖွေရန် ပေါက်တူးများ ၊ ဂေါ်ပြားများဖြင့် နှင်းခဲနှင့် ကျောက်တုံးများကို တူးဆွဖယ်ရှားကြရာမှ ဧပြီလ ငလျင်ကြောင့် တောင်ပြိုကျပြီး ပိတ်မိသေဆုံးနေ ခဲ့သည့် ခြေလျင်ခရီးသည်နှင့် ရွာသား ၅၃ ယောက် တို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြသည်။

ပြီးခဲ့သည့်လက တောင်ပြိုကျမှု ထပ်မံဖြစ်ပွားပြီး ရုပ်အလောင်း ၁၂၈ လောင်းခန့်ကို ဖုံးလွှမ်း နှစ်မြှုပ်ပစ်ခဲ့ရာ ကယ်ဆယ်ရေး လုပ်သားများအတွက် အန္တရာယ်ကြီးမားလှသောကြာင့် ခတ္တမန္ဒူ မြို့တော် မြောက်ဘက် ၆၀ ကီလိုမီတာအကွာရှိ လန်းတန်းကျေး ရွာတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ရသည်။

ကြေညာချက်တစ်ခုတွင် စစ်တပ်၏ ပြောကြားချက်အရ တောင်ပြိုကျမှု အန္တရာယ် လျော့ပါး သွားပြီးနောက် စစ်တပ်၏ သဘာဝ ကပ်ဘေး တုန့်ပြန်မှုယူနစ်မှ စစ်သားများက ရှာဖွေမှုကို ပြန်လည် စတင်လာခဲ့ရာမှ ရက်သတ္တပတ် အဆုံးရက် များတွင် နိုင်ငံခြား သား ခြေလျင်ခရီးသည် သုံးယောက် အပါအဝင် ရုပ်အလောင်း ၅၃ လောင်းကို တူးဖော်တွေ့ရှိခဲ့ ရခြင်းဖြစ်သည်ဟုဆိုသည်။

‘‘ဒီရုပ်အလောင်း ၅၃ လောင်းက ခုမှတွေ့ရတဲ့ အသစ်တွေလား တောင်ပြိုကျလို့ မြုပ်သွားတဲ့ တွေ့ပြီးသား အလောင်းတွေလား ဆိုတာ မကွဲပြားပါဘူး’’ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဂျာဂါဒစ် ချန်ဒရာ ပုက်ခရယ်က ရိုက်တာ သတင်းဌာနကို ပြော ကြားခဲ့သည်။

ရဲများလည်း ပူးပေါင်းပါဝင်နေသည့် စစ်သား နှစ်ဆယ် သုံးဆယ်ခန့်က ဧပြီ ၂၅ ရက် ငလျင်မှာကတည်းက ပျောက်ဆုံးနေ ခဲ့သည့် ခြေလျင်ခရီးသည်များနှင့် နီပေါနိုင်ငံသား တစ်ဒါဇင်ကျော် ကို ရှာဖွေလျှက်ရှိသည်ဟု လန်းတန်းရွာတည်ရှိရာ ရာဆူဝါ ခရိုင်မှ အကြီးတန်း အာဏာပိုင်တစ်ဦးက ပြောကြားခဲ့သည်။

တိဘတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရာဆူဝါဒေသမှာ ငလျင်နှစ်ခု ဒဏ်ကို အခံရဆုံး ဒေသဖြစ်ပြီး နီပေါသမိုင်းတွင် အဆိုးရွားဆုံးဖြစ်သည့် ငလျင်နှစ်ခုကြောင့် စုစုပေါင်း ၈,၇၇၃ ယောက် သေဆုံးခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly