အိန္ဒိယတွင် အပူလှိုင်းကြောင့် သေဆုံးသူ ၂,၀၀၀ ကျော်သို့ ရောက်ရှိ

အိန္ဒိယတွင် အပူလှိုင်းကြောင့် သေဆုံးသူ ၂,၀၀၀ ကျော်သို့ ရောက်ရှိ

နယူးဒေလီ၊ မေ ၃၀ ။       ။ အိန္ဒိယနိုင်ငံတွင် ပြင်းထန်သည့် အပူလှိုင်းကြောင့် သေဆုံးသူဦးရေမှာ ၂,၀၀၀ ကျော်သို့ရောက်ရှိ သွားပြီဖြစ်ကြောင်း အရာရှိများက ပြောကြားသည်။

သောကြာနေ့ မွန်းတည့်နောက်ပိုင်း လူ ၂၀၀ ကျော် သေဆုံးခဲ့ရာ အန်ဒရာပရာဒေ့ရှ် ပြည်နယ်နှင့် တေလန်ဂါနာပြည်နယ် တို့တွင် သေဆုံးသူဦးရေမှာ ၁,၉၇၉ ဦးအထိ ရောက်ရှိနေပြီဟု ကပ်ဘေး စီမံခန့်ခွဲရေး အရာရှိများက မေ ၃၀ တွင်ပြောကြား သည်။

ဒေသခံမီဒီယာများ၏ ရေးသားချက်အရ သြရိသ၊ မက်ဟီယားပရာဒေ့ရှ်၊ ဂူဂျာရတ်နှင့် ဒေလီ ပြည်နယ်တို့တွင်လည်း အပူလှိုင်းကြောင့် လူ ၆၂ ဦး သေဆုံးခဲ့သည်။

ထိခိုက်သေဆုံးမှု အများဆုံးမှာ အန်ဒရာပရာဒေ့ရှ်နှင့် တေလန်ဂါနာပြည်နယ်တို့မှ ပြည်သူများဖြစ်ပြီး ၎င်းပြည်နယ်များတွင် အပူချိန်မှာ လွန်ခဲ့သည့် သီတင်းပတ်၌ ၁၂ နှစ်တာကာလအတွင်း ရှည်ကြာသည့် အမြင့်ဆုံးအပူချိန် ရှိနေခဲ့သည်။ ပြင်းထန်သည့် အပူချိန်များမှာ နောက်နှစ်ရက်အထိ ဆက်ရှိနိုင်သည်ဟု မိုးလေဝသအရာရှိများက ပြောကြားသည်။

အပူလှိုင်းဒဏ် အဆိုးဆုံးခံရသည့် ပြည်နယ်မှာ အန်ဒရာပရာဒေ့ရှ်ပြည်နယ်ဖြစ်ပြီး ယင်းပြည်နယ် တစ်ခုတည်းမှ လူ ၁,၄၉၀ ဦးအထိ သေဆုံးခဲ့သည်။ သေဆုံးသူ အများစုမှာ ဆောက်လုပ်ရေး လုပ်သားများ၊ အလုပ်သမားများနှင့် အိုးမဲ့အိမ်မဲ့များဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly