အိုင်အက်စ်ကို သစ္စာခံသည့် အစွန်းရောက်အဖွဲ့များ တိုးပွားလာ

အိုင်အက်စ်ကို သစ္စာခံသည့် အစွန်းရောက်အဖွဲ့များ တိုးပွားလာ
အင်တာပို အကြီးအကဲ ဂျာဂန်စတော့။

ဝါရှင်တန်၊ မေ ၃၀ ။       ။ အာဖရိကမှသည် အရှေ့တောင်အာရှအထိ ရှိသည့် များပြားလာသော အစွန်းရောက် အဖွဲ့များက အိုင်အက်စ်အဖွဲ့ကို သစ္စာခံမှု များပြားလာကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို) အကြီးအကဲက ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ သောကြာနေ့အစည်းအဝေးတွင် အင်တာပိုအကြီးအကဲ ဂျာဂန်စတော့က အိုင်အက်စ်ကို သစ္စာခံသည့် အစွန်းရောက်အဖွဲ့များ တိုးလာခြင်းနှင့် အစွန်းရောက် ဖြစ်လာနိုင်သူများ၏ ခရီးသွားမှုလမ်းကြောင်း ပြောင်းလဲလာခြင်းအကြောင်းကို ပြောဆိုခဲ့သည်။

နိုင်ဂျီးရီးယားအခြေစိုက် ဘိုကိုဟာရမ်နှင့် အီဂျစ်အခြေစိုက် ဗီလာယတ်ဆိုင်နိုင်းကဲ့သို့သော အကြမ်းဖက်အဖွဲ့များက အိုင်အက်စ်တို့၏ သစ္စာခံအဖွဲ့များဖြစ်သည်။    

လုံခြုံရေးကောင်စီ၏ ဧပြီလအတွင်းက အစီရင်ခံစာအရ နိုင်ငံပေါင်း ၁၀၀ ကျော်မှ အစွန်းရောက် ၂၅,၀၀၀ ကျော်သည် အီရတ်၊ ဆီးရီးယားနှင့် အခြားနိုင်ငံများမှ အယ်လ်ခိုင်ဒါနှင့် အိုင်အက်စ်အဖွဲ့ များနှင့် ပူးပေါင်းခဲ့ကြောင်း သိရသည်။

၂၀၁၄ နှစ်လယ်မှ ၂၀၁၅ မတ်လအတွင်း ကမ္ဘာအနံှ့ အကြမ်းဖက်အစွန်းရောက်များ အရေအတွက်သည် ၇၀ ရာခိုင်နှုန်းကျော် တိုးလာကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အိုင်အက်စ်လူသစ်များက ဆီးရီးယားနှင့် အီရတ်အိမ်နီးချင်းနိုင်ငံဖြစ်သည့် တူရကီကို ဖြတ်ကာ ယင်းအဖွဲ့နှင့် သွားရောက်ပူးပေါင်းကြခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင် စစ်သွေးကြွ ဖြစ်လာ မည့်သူများက လမ်းကြောင်းသစ်များဖြင့် သွားရောက်နေကြပြီဖြစ်သည်။

လက်ငင်းတွင်လည်း ဗြိတိန်မှ အိုင်အက်စ်အဖွဲ့နှင့် သွားပေါင်းလိုသူများသည် အင်္ဂလိပ် ရေလက်ကြားကို ကူးတု့ိဖြင့် ဖြတ်ကာ အီတလီသို့ ဦးစွာသွားရောက်ပြီး ထိုမှတစ်ဆင့် တူနီးရှား၊ ထို့နောက် အိုင်အက်စ်တို့ သိမ်းပိုက်ထားရာ လစ်ဗျားနယ်မြေများအတွင်း ဝင်ရောက်ကြခြင်း ဖြစ်ကြောင်း သည်ဂါးဒီးယန်းသတင်းတွင် ဖော်ပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly