နီပေါ ငလျင်ကြောင့် ပျောက်ဆုံးသူ ၃၀၀ ကျော်တွင် နိုင်ငံခြားသား ၈၉ ဦး ပါဝင်

နီပေါ ငလျင်ကြောင့် ပျောက်ဆုံးသူ ၃၀၀ ကျော်တွင် နိုင်ငံခြားသား ၈၉ ဦး ပါဝင်
ငလျင်ကြောင့် ပျက်စီးသွားသည့်ရွာမှ ကလေးတစ်ဦး အကူအညီတောင်းခံသော ဆိုင်းဘုတ်နောက်တွင် ရပ်နေစဉ်။ (ဓာတ်ပုံ - အေပီ)

အင်ဒီယန်အိတ်စ်ပရက်စ် (ခတ္တမန္ဒူ)။ ။ နီပေါတွင် လှုပ်ခတ်ခဲ့သော အပျက်အစီးကြီးမားသည့် ငလျင်ကြီးနှစ်ခုအပြီး  သေဆုံးသူ ဦးရေမှာ ၈,၆၃၅ ဦး ရှိသွားပြီ ဖြစ်သည်။ ငလျင်များတွင် အိန္ဒိယနိုင်ငံသား ၄၉ ဦး အပါအဝင် အနည်းဆုံး နိုင်ငံခြားသား ၇၉၃ ဦး သေဆုံးခဲ့သည်ဟု နီပေါ ရဲတပ်ဖွဲ့၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

ဧပြီ ၂၅ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်နောက်ပိုင်း ပျောက်ဆုံးသူ ၃၀၀ ကျော်တွင် နီပေါနိုင်ငံသား ၂၄၀ နှင့် နိုင်ငံခြားသား ၈၉ ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအတွက် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ နီပေါတွင် တာဝန်ချထားသော ပြည်ပစစ်ဘက် ဝန်ထမ်းအားလုံးအနက် အိန္ဒိယမှ ၈၅၁ ဦး အပါအဝင် လူ ၂,၅၀၉ ဦးမှာ တာဝန်ချိန် ပြီးဆုံး၍ နေရပ်သို့ ပြန်သွားပြီ ဖြစ်သည်။

သို့သော်လည်း အိန္ဒိယ ၅၆၄ ဦး အပါအဝင် ပြည်ပစစ်ဘက်ဝန်ထမ်း ၁,၈၀၇ ဦးမှာ ၎င်းတို့၏ နိုင်ငံများသို့ ပြန်ရန် စီစဉ်နေပြီး ဖြစ်သည်ဟု နီပေါစစ်တပ်က ထုတ်ပြန်ခဲ့သည်။ နီပေါတွင် ဧပြီ ၂၅ က ၇ ဒသမ ၉ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မေ ၁၂ တွင် ပြင်းအား ၇ ဒသမ ၃ ရှိ ငလျင်ထပ်မံ လှုပ်ခတ်ခဲ့ရာ လူ ၈,၆၃၅ ဦး သေဆုံးခဲ့ပြီး ၂၁,၈၄၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အိမ်ခြေ သောင်းချီ ပျက်စီးခဲ့သည်။

မေ ၂၂ ရက်ကပင် ပြင်းအား ၄ နှင့် ၅ ကြားရှိ ငလျင်ငယ် ငါးခု လှုပ်ခတ်ခဲ့သေးသည်ဟု သိရ သည်။ ဧပြီ ၂၅ နောက်ပိုင်း ပြင်းအား ၄ ကျော်ကျော်ရှိ ငလျင်ပေါင်း ၂၂၅ ကြိမ်အထိ လှုပ်ခတ်ခဲ့သည် ဟု မှတ်တမ်းတင်ထားသည်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအတွက် အိန္ဒိယမှ MI-17 ရဟတ်ယာဉ် ရှစ်စီးနှင့် ALH ရဟတ်ယာဉ် ငါးစီး၊ တရုတ်မှ MI-17 ရဟတ်ယာဉ် သုံးစီး၊ အမေရိကန်မှ UH1Y ရဟတ်ယာဉ် သုံးစီး၊ 4MV-228 ရဟတ်ယာဉ် လေးစီးတို့ စေလွှတ်ခဲ့ကြသည်။

ငလျင်ဒဏ်ကြောင့် နီပေါမှ ရွှေ့ပြောင်းလုပ်သား ၂၀,၀၀၀ ခန့်သည် လွန်ခဲ့သည့် တစ်လအတွင်း နိုင်ငံမှ ထွက်ခွာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly