လူကုန်ကူးမှုနှင့် ဆက်နွယ်ပတ်သက်နေ၍ ထိုင်းရဲအရာရှိ ၅၀ကျော်ကို ပြစ်ဒဏ်ပေး

လူကုန်ကူးမှုနှင့် ဆက်နွယ်ပတ်သက်နေ၍ ထိုင်းရဲအရာရှိ ၅၀ကျော်ကို ပြစ်ဒဏ်ပေး

ရိုက်တာ (ဘန်ကောက်)။ ။ မလေးရှားနယ်စပ် အနီးတွင် လူကုန်ကူးစခန်းများ တွေ့ရှိမှုကို စုံစမ်းစစ်ဆေးရန် ဝန်ကြီးချုပ်က အမိန့်ထုတ်ခဲ့ပြီးနောက်တွင် လူကုန်ကူးမှုကွန်ရက်များနှင့် သံသရှိဖွယ် ဆယ်နွယ်နေမှုဖြင့် ထိုင်းရဲအရာရှိ ၅၀ ကျော်ကို အပြစ်ပေးခဲ့သည်ဟု ထိုင်းရဲချုပ်က ကြာသပတေးနေ့က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က တောင်ပိုင်း ဆုန်ခလပြည်နယ်အတွင်းရှိ ခပ်တိမ်တိမ် မြှုပ်နှံထားသော သချုႌင်းမြေများထဲတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် မှရွှေ့ပြောင်း အခြေချများဟု ယူဆရသည့် ရုပ်အလောင်း ၃၂ လောင်းကို တူးဖော်တွေ့ရှိခဲ့ကြသည်။

ရုပ်အလောင်းအချို့ကို တောနက်နက်ထဲတွင် ဖုံးဝှက်ထားသည့် လူကုန်ကူးစခန်းဟု သံသယရှိရသော နေရာတွင် တွေ့ရှိခဲ့ကြရခြင်းပင် ဖြစ်သည်။

‘ဒေသတွင်းက ရဲတပ်မှူးတွေဟာ ဘယ်သူတွေ ဘာတွေလုပ်နေတယ်ဆိုတာ သိနေတာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲအရာရှိ ၅၀ ကျော်ကို ပြောင်းရွှေ့ပစ်ခဲ့ပြီးပါပြီ’’ ဟု ဘန်ကောက်မှ တရားမဝင် လူကုန်ကူးမှု ဖြိုခွင်းရေး ဆွေးနွေးပွဲမတိုင်မီတွင် ထိုင်းဘုရင့်ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆုမ်ရော့ပွန်းပန်မူယောင်က သတင်းထောက်များအား ပြောကြားခဲ့သည်။

 ‘အတိတ်တုန်းက ဒီပြဿနာကို ဖြေရှင်းဖို့ ရိုးရိုးသားသား မလုပ်ခဲ့ကြဘူး။ မကြာသေးမီက ဖြစ်သွားခဲ့တာကလည်း ဒါ့ကြောင့်ပအါပဲ’’ ဟု ဆုမ်ယော့က ပြောကြားခဲ့သည်။

ထိုင်းအာဏာပိုင်များ၏ ဂရုမစိုက်မှုနှင့် ရံခါတွင် ၎င်းတို့ကိုယ်တိုင် တရားမဝင်လုပ်ရပ်များတွင် ပါဝင်ပတ်သက်နေမှုများကြောင့် လူကုန်ကူးမှုမှာ နှစ်ပေါင်းများ စွာကြာအောင်ပင် ဖွံ့ဖြိုးစည်ပင်လာနေခဲ့သည်ဟု ထိုင်းအရာရှိတစ်ချို့က ပြောကြားသည်။

တရားမဝင် လူကုန်ကူးမှုကို အဆုံးသတ်ရန် ဒေသတစ်ခုလုံးအနေဖြင့် ကြိုးစားရန် ကုလအရာရှိများက တိုက်တွန်းနေချိန်တွင် ထိုင်းဝန်ကြီးချုပ် ပရာယွန်ခန်းအိုချာက နိုင်ငံပတ်လည်ရှိ သံသယရှိဖွယ် လူကုန်ကူးစခန်းများကို ၁၀ ရက်အတွက်း ရှင်းလင်းပစ်ရန် အမိန့်ထုတ်ခဲ့သည်။

ထိုင်းရဲက ထိုင်း ၃ ယောက်နှင့် မြန်မာနိုင်ငံသား တစ်ယောက်ကို လူကုန်ကူးမှုသံသယဖြင့် ဖမ်းဆီးခဲ့သည်။ နောက်လူ ၄ ဦးကိုလည်း ဖမ်းဝရမ်းများ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ အနောက်ပိုင်းမှ ရိုဟင်ဂျာ မွတ်စလင်များနှင့် ဘင်္ဂလားဒေ့ရှ်များအပါအဝင် ထောင်ပေါင်းများစွာသော တရားမဝင် ရွှေ့ပြောင်း အခြေသူများမှာ လူမျိုးရေး ဘာသာရေး ခွဲခြားဆက်ဆံခံရမှုမှ လွတ်မြောက်စေရန်နှင့် ပင်လယ်ရပ်ခြားတွင် အလုပ်အကိုင်ရှာဖွေရန်အတွက် အန္တရာယ်များသည့် ရေလမ်း၊ ကုန်း လမ်းများဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာနေကြသည်။

အဆိုပါ တရားမဝင်ရွှေ့ပြောင်းအခြေချများကို မကြာခဏဆိုသလိုပင် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံအတွင်းသို့ ခိုးသွင်းလာပြီး၊ ထိုင်းနိုင်ငံ ၏တောနက် များအတွင်းသို့ ခေါ်ဆောင်ခံရကာ ထိုမှတစ်ဆင့် မွတ်စလင်မလေးရှားနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်၍ ခိုးဝင်နိုင်ရန် လူကုန်ကူးသူများက အခကြေးငွေယူ၍ ပို့ဆောင်ပေးကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly